လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) ၏ တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဒီဇင်ဘာတွင် စတင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) ၏ တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဒီဇင်ဘာတွင် စတင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ကိုရီးယား-မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)
ကိုရီးယား-မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)
Published 24 October 2020
ဇေယျာငြိမ်း

လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

အောက်တိုဘာ ၂၃ ရက် Korea-Myanmar Industrial Complex (KMIC) ကိုရီးယား-မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းရေးကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဟန် ဇော် ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် ကိုရီးယားနိုင်ငံအစိုးရအဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

KMIC စက်မှုဇုန်စီမံကိန်းသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံတကာ အဆင့်မီ အခြေခံအဆောက်အအုံများ ပြည်စုံသည့် စက်မှုဇုန်စီမံကိန်းတစ်ခုဖြစ်သည်။

လက်ရှိတွင် KMIC စက်မှုဇုန်စီမံကိန်းအတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများပြီးစီး၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်နိုင်ရန် စီစဉ်ထားပြီး KMIC စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အားပေးရေးတို့ကို စက်မှုဇုန်ဝင်းပြင်ပသို့ အရောက်တည်ဆောက်ပေးရန် အစီအစဉ်များ ပါရှိကြောင်း ၎င်းက ဆိုသည်။

အာဆီယံဒေသတွင်းရှိ အခြားသော နိုင်ငံတကာစက်မှုဇုန်များအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုဇုန်တစ်ခု ဖြစ်လာစေရန် အခြေခံအဆောက်အအုံပိုင်းသာမက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအတွက် ထိရောက်သည့် ဝန်ဆောက်မှုပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

KMIC စက်မှုဇုန်စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး KMIC စက်မှုဇုန်စီမံကိန်းထူထောင်ရာတွင် အခြေခံအဆောက်အအုံပိုင်းသာမက ဝန်ဆောင်မှုပေးရေးအပိုင်းကိုပါ နိုင်ငံတကာအဆင့်မီစေရန် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

Korea- Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အစိုးရအဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation (LH) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

“ ဒီစီမံကိန်းမှာက ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖက်စပ်ရင်းနှီးမြှုပ်နှံကာ Developer အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

အဆိုပါစက်မှုဇုန်စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာသန်း ၁၂၀ ကျော် ရှိသည်။ လာမည် ၂၀၂၅ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent