၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ကယားပြည်နယ်)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ကယားပြည်နယ်)
Published 24 October 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့်  ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်း အချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။

အမည်  -         စောဆာကဘရူရှီး

အသက်          -        ၇၀ နှစ်

ပညာအရည်အချင်း       -         ဓမ္မဝိဇ္ဇာ၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဓမ္မတက္ကသိုလ်(အင်းစိန်)

လူမျိုး   -         ကရင်

ကိုးကွယ်သည့်ဘာသာ   -         ခရစ်ယာန်

ကိုယ်စားပြုပါတီ -         ကရင်အမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -         ဖားဆောင်းမြို့နယ်  ပြည်သူ့လွှတ််တော် မဲဆန္ဒနယ်

အသက်အရွယ်အားဖြင့် အတွေ့အကြုံများသော ဓမ္မဆရာစောဆာကဘရူရှိးသည် ကယားပြည်နယ် ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးကော်မတီဥက္ကဋ္ဌ၊ မော်ချီးတောင် တန်းဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ စသည့် တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူတစ်ဦးသဖြင့် ကယားပြည်နယ်ရှိ ကရင်တိုင်းရင်းသားများနှင့် မစိမ်းလှဘဲ ကရင်တိုင်းရင်းသားများ၏မဲကိုရနိုင်ခြေရှိသည်။ သို့သော် ၂၀၁၅ ရွေးကောက် ပွဲတွင်  NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ ဖားဆောင်းမဲဆန္ဒနယ်တွင် မဲအများစုရရှိထားသည်။ လူမျိုးစုကွဲများ ရှိခြင်းနှင့် လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  ပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အပါအဝင်  ပါတီအသီးသီးမှကိုယ်စားလှယ်လောင်း ရှစ်ဦး ထိ ဝင်ရောက်ယှဉ်ပြိုင်သဖြင့် မဲကွဲမှုနှင့်အတူ စောဆာကဘ ရူရှီးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အခြေအနေတွင်ရှိသည်။

 

အမည်  -         နော်မာဂရက်စိန်

အသက်          -         ၅၅ နှစ်

ပညာအရည်အချင်း       -         ၁၀ တန်းအောင်

လူမျိုး   -         ဂေးဘား၊ ကရင်

ကိုးကွယ်သည့်ဘာသာ   -         ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ်  ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -         ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

နော်မာဂရက်စိန်သည် ကျန်းမာရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း ပရဟိတဆေးကုခြင်း၊  အမျိုးသမီးအရေးများဆောင်ရွက်ခြင်းတို့ကြောင့် ကျေးလက်ဒေသတွင် လူသိများသည့် ၎င်းအတွက် ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် အနိုင်ရရှိရေး အားသာချက်တစ်ခုဖြစ်သည်။ အရှိန်ကောင်းကောင်းဖြင့် မဲဆွယ်စည်းရုံးနေသည့် ပေါင်းစည်းပါတီတစ်ခု ဖြစ်သော ကယားပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ခြင်းကလည်း အနိုင်ရရှိရေး အထောက်အပံ့ဖြစ်သည်။ နော်မာဂရက်စိန်အနေဖြင့် အဓိကယှဉ်ပြိုင်ရမည်မှာ လက်ရှိ အာဏာရပါတီ NLD နှင့် ဖားဆောင်းမြို့နယ်တွင် မူလအခြေခံအားကောင်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြောင်း ဒေသတွင်းအကဲဖြတ်များက သုံးသပ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်၌ NLD ပါတီက အနိုင်ရရှိထားသည်။

 

အမည် - ဦးစိုးသိန်း

အသက်        - ၇၂ နှစ်

ပညာအရည်အချင်း    - သိပ္ပံဘွဲ့(၁၉၆၉)၊ မဟာဝိဇ္ဇာဘွဲ့(၁၉၉၈)

လူမျိုး/ဘာသာ        - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ       - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်        - ဘောလခဲမြို့နယ် ပြည်သူ့လွှတ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစိုးသိန်းသည် တပ်မတော် (ရေ) အဆင်မြင့် အရာရှိ အငြိမ်းစားတစ်ဦးဖြစ်သည့်အပြင် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် အရေးပါသည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်ရှိ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉) တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့၍ လက်ရှိအထိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  ဦးစိုးသိန်းအနေဖြင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ခြေမရှိဟု သုံးသပ်မှုများရှိခဲ့သည်။ သို့သော်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ဘောလခဲမြို့နယ်တွင်ပြန်လည်ယှဉ်ပြိုင်ခြင်းက  ၎င်းထပ်မံအနိုင်ရရှိမည်ဟု အသေအချာ တွက်ချက်ထားဟန်ရှိသည်။ ၂၀၁၅  ရွေးကောက်ပွဲနိုင်ငံရေးအခြေအနေသည် လက်ရှိအခြေအနေပြောင်းလဲမှုအရ ဦးစိုးသိန်းအနေဖြင့် အာဏာရ ပါတီ NLD အပြင် ပြည်နယ်အခြေစိုက် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်  - ဦးစိန်ဝင်း

အသက်          - ၄၁ နှစ်

ပညာအရည်အချင်း - ဆဋ္ဌမတန်း

လူမျိုး   - ကယား

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဘောလခဲမြို့နယ်  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ဦးစိန်ဝင်းအနေဖြင့် ဒေသခံပါတီမှ ဖြစ်သော်လည်း ဘောလခဲမြို့နယ်တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရရှိထား သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရရှိရေးမှာ လုံးပန်းရမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီမှ ဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ လက်ရှိဘောလခဲမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းဖြစ်သည်။ တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် ဦးစိန်ဝင်းအနေဖြင့် မဲပေးပိုင်ခွင့်ရှိသူ ၇၀၀၀ ဝန်းကျင်ခန့်သာရှိသည့့် ဘောလခဲမြို့နယ်တွင် အာဏာရပါတီ  NLD ၊ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

 

အမည်  - ဦးစိုင်းစံသိန်း

အသက်          - ၃၉  နှစ်

ပညာအရည်အချင်း - 2nd Years GTC

လူမျိုး   - ရှမ်း

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မယ်စဲမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်

လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ဦးစိုင်းစံသိန်းသည် မယ်စဲမြို့နယ်တွင်နေထိုင်သည့် ရှမ်းတိုင်းသားများကို အားပြု၍ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယခုရွေးကောက်ပွဲတွင်သာ မယ်စဲမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကလည်း ယှဉ်ပြိုင်ခဲ့ဖူးပြီး မဲရလဒ်အနည်းငယ်သာရရှိခဲ့သည်။ ယုံကြည်ချက်အပြည့်ဖြင့် ထပ်မံယှဉ်ပြိုင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် ဦးစိုင်းစံသိန်းကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေး ချယ်ခြင်းကလည်း ၎င်းအပေါ် ယုံကြည်မှုအပြည့်ရှိသည်ကိုပြသခြင်းဖြစ်သည်။ မယ်စဲမြို့နယ်တွင် ထူးခြားသည်မှာ ပေါင်းစည်းပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဝင်မပြိုင်ခြင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မယ်စဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ NLD ပါတီက အနိုင်ရရှိထားသည်။

 

 

အမည်  - ဦးလွီးစီငြိမ်း

အသက်          - ၃၆ နှစ်

ပညာအရည်အချင်း - ၁၀ တန်းအောင်

လူမျိုး   - ကယန်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယန်းအမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မယ်စဲမြို့နယ်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးလွီးစီငြိမ်း (ခ) ခွန်းဘီထူးသည် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) အဖွဲ့တွင်၂၀၀၄ ခုနှစ် ၌ အဖွဲ့ဝင်ဖြစ် လာသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ၏ လှုပ်ရှားမှုများအနက် လူသိ များသော လှုပ်ရှားမှုအချို့တွင် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်းသည့် လျှော်ကြေးနှင့် အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုလည်း ပါဝင်သည်။ ခွန်းဘီထူးသည် ထိုစဉ်က KNGY ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ပြီး လှုပ်ရှားမှုကိုဦးဆောင်ခဲ့သည်။ စီမံကိန်းကြောင့် ရေနစ်မြှုပ်ထိခိုက် နစ်နာခဲ့သော ကျေးရွာ ၂၀ ကျော်တို့အတွက် လျှော်ကြေး၊  အစားထိုးမြေနေရာ တို့အတွက် တောင်းဆိုမှုများပြုလုပ်ပေးခဲ့သူဖြစ်သည်။ လွှတ်တော်ပြင်ပနိုင်ငံရေးမှ လွှတ်တော်နိုင်ငံရေးသို့ စတင်ခြေချမည့် ခွန်းဘီထူးအတွက် အဓိကရင်ဆိုင်ယှဉ်ပြိုင်ရမည်မှာ  လက်ရှိမယ်စဲ့မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် အာဏာရပါတီ NLD ကိုယ်စားလှယ်လောင်း ဦးသန်းလင်းလင်းဖြစ်သည်။

 

အမည်  - ဦးစောခူးတလေ

အသက်          - ၃၅ နှစ်

ပညာအရည်အချင်း - LLB

လူမျိုး   - ကယား

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ          - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစောခူးတလေသည်  တရားလွတ်တော်ရှေ့နေ တစ်ဦးလည်းဖြစ်ပြီး ငွေကြေးမတတ်နိုင်သည့် အမှုသည်များကို  ငွေကြေးတောင်းခံခြင်းမရှိဘဲ စေတနာဖြင့်  လိုက်လံဆောင်ရွက်နေသူဖြစ်သည်။ ဒီးမော့ဆို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသော နေရာဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ UBP ပါတီ၊ DNP ပါတီ၊ NLD ပါတီ၊ USDP ပါတီ၊ NDF ပါတီနှင့် KySDP ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း ဦးစောခူးတလေအနေဖြင့် NLD ပါတီ၊ USDP ပါတီနှင့် UBP ပါတီမှ ကိုယ်စားလှယ် လောင်းများနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

 

 

အမည်  - ဦးပဲ့ဒူ

အသက်          - ၆၆ နှစ်

ပညာအရည်အချင်း - ဖွံ့ဖြိုးရေးသိပ္ပံဆင်း

လူမျိုး   - ကယား

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

 ဦးပဲ့ဒူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်၌ အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ထို့ပြင် ဦးပဲ့ဒူသည် ဖရူမြို့နယ် NLD ပါတီ ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလအပြီး နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ချီးမြှင့်သော ဆုလက်မှတ်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ငါးပါတီသာ ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၂၀ တွင်မူ တစ်သီးပုဂ္ဂအပါအဝင် ကိုယ်စားလှယ်လောင်း ခုနစ်ဦးအထိ ရှိသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် နယ်မြေအဖြစ် သတ်မှတ်ထားသည်။

 

 

အမည်  - ဦးဒီးဒီ

အသက်   - ၃၉ နှစ်

ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်းအောင် 

လူမျိုး   - ကယော

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ်ဒီမိုကရက်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်-  ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဒီးဒီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျတ်သိမ်းရေးအတွက် စာရွက်ဖြန့်ဝေသဖြင့် ထောင်ဒဏ် ၃၂ နှစ် ကျပြီး ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်သူလည်းဖြစ်သည်။၂၀၁၇  ခုနှစ်တွင် KNPP ရဲဘော်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုတွင် တရားမျှတမှုရရှိရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သဖြင့် ဆန္ဒထုတ်ဖော်မှုဖြင့် ထောင်ဒဏ် ၂၀ ရက် ချမှတ်ခံခဲ့ရသည်။ ထို့ပြင် ၂၀၁၈ ခုနှစ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ စာရွက်ဝေခြင်းကြောင့် ပုဒ်မ ၅၀၅ ဖြင့်  မြို့နယ် ငါးခုတွင် တရားစွဲခံခဲ့ရသည်။ အလားတူ ကြေးရုပ်ကိစ္စစာထုတ်မှုအပေါ် နိုင်လွတ်လုံဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခြင်းခံခဲ့ရဖြင့် ဒေသခံပြည်သူများ၏ စိတ်ဝင်စားရသူလည်းဖြစ်သည်။

 

 

အမည်   - ဒေါ်မိုးမြာ

အသက်  - ၂၇ နှစ်

ပညာအရည်အချင်း - B.A(Geog)

လူမျိုး - ကယား

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ   - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် 

ဒေါ်မိုးမြာသည် ၂၀၁၃ ခုနှစ်တွင် ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO) သို့ စတင်ဝင်ရောက်ခဲ့ပြီး ပြည်နယ်တွင်းရှိ လူငယ်နှင့်အမျိုးသမီးတို့၏ အသိပညာမြင့်တင်ရေးအစီအစဉ်များတွင် တက်ကြွစွာပါဝင်ခဲ့သည်။ပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သင့်မြတ်ရေးလုပ်ငန်းတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ကရင်နီပြည် အမျိုးသားညီလာခံ၏ရည်မှန်းချက်များကို ဖော်ဆောင်ခြင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ တွင် ဦးဆောင်ပါဝင်ခဲ့သည်။ လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆိုမြို့နယ်များတွင် တပ်မတော်နှင့် ကုမ္ပဏီအချို့တို့၏ လယ်ယာမြေသိမ်ဆည်းခြင်းကိုခံခဲ့ရမှုအပေါ် လူထုနှင့်အတူ ထွန်တုံးတိုက်ပွဲများကိုလည်း ဆင်နွှဲခဲ့သူဖြစ်သည်။

 

 

 

အမည် - ဒေါ်ဝင့်ဝါထွန်း

အသက်          - ၃၄ နှစ်

ပညာအရည်အချင်း - B.Sc(Hons), M.Sc(Credit),M,Res(Maths)

လူမျိုး - ဗမာ-ကယန်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ   - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှားတောမြို့နယ် ပြည်သူ့လွှတ််တော်မဲဆန္ဒနယ်   

ဒေါ်ဝင့်ဝါထွန်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည်။ ထို့ပြင် ဖယ်ခုံမြို့ လောကပါလလူမှုကူညီရေးအသင်းတွင် (အတွင်းရေးမှူး)နှင့် လွိုင်ကော်မြို့ ကရင်နီ ပြည်သူ့လူငယ်များ သမဂ္ဂ(အဖွဲ့ဝင်)တို့အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NDF ပါတီ၊ UBP ပါတီ၊ USDP ပါတီ၊ KySDP ပါတီနှင့် NLD ပါတီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

 

အမည်  - ဦးအုန်းဖေလေး

အသက်          - ၆၀  နှစ်

ပညာအရည်အချင်း - ဒသမတန်း

လူမျိုး -  ပအိုဝ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပအိုဝ်းအမျိုးသားအဖွဲချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးအုန်းဖေလေးသည် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွင် ဥက္ကဋ္ဌဖြစ်သည်။ ဦးအုန်းဖေလေး အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၌ ကယားလူမျိုးစုဒီမိုကရေစီပါတီ ကိုယ်စားပြု၍ ယှဉ်ပြိုင်ခဲ့ဖူးပြီး အနိုင်မရရှိခဲ့ပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဦးအုန်းဖေလေးအနေဖြင့် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပါက ပြည်သူလူထု၏ လူမှုအကျိုးစီးပွား၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကဏ္ဍတို့ကို အဓိကထား လုပ်ဆောင်မည်ဟု ပြောကြားသည်။

 

 

အမည်  -  အာရ်ဂျီညီညီထွန်း

အသက်          - ၃၉ နှစ်

ပညာအရည်အချင်း - BSIT

လူမျိုး   - ကယော

ကိုးကွယ်သည့်ဘာသာ - ကက်သလစ်ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

 

အာရ်ဂျီညီညီထွန်းသည် အသက်အားဖြင့် ငယ်ရွယ်သူဖြစ်သော်လည်း ကယောလူငယ်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် (၂၀၀၆ မှ ၂၀၁၉ အထိ) တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ၎င်းအနေဖြင့် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပါက အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးကဏ္ဍများကို လွှတ်တော်အတွင်းမှ  အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် NLD ပါတီက မဲအပြတ်အသတ် အနိုင်ရရှိထားသောနေရာဖြစ်သည်။ ၂၀၂၀ ရွေးကာက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီ ကိုးပါတီမှ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်သွားမည်ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ဟု ယူဆရသည်။

 

 

အမည်  - ဦးစိုင်းကျော်ခိုင်

အသက်          - ၄၇ နှစ်

ပညာအရည်အချင်း - ၁၀ တန်း

လူမျိုး - ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  

ဦးစိုင်းကျော်ခိုင်သည် လွိုင်ကော်မြို့နယ် SNLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့တွင် တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သည်။ လက်ရှိတွင် အိုလံပတ် အာရှကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာလည်း ဖြစ်သည်။ ဒေသအခြေပြု စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအကျိုးပြုလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိသည့်အပြင် ငွေကြေး လှူဒါန်းမှုများ၊ ထောက်ပံ့ကူညီဆောင်ရွက်မှုများတွင် ကူညီဆောင်ရွက်ခဲ့သောကြောင့် ဒေသခံပြည်သူများ၏ စိတ် ဝင်စားမှုကို ခံနေရသူလည်း ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ တွင် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌  NLD ပါတီက မဲအပြတ်အသတ် အနိုင်ရရှိထားသော်လည်း ၂၀၂၀ တွင်မူ  မလွယ်ကူနိုင်ကြောင်း သုံးသပ်ရသည်။

 

အမည် - ဒေါ်စုငယ်ထွေး

အသက် - ၄၃ နှစ်

ပညာအရည်အချင်း - BSC QM.Sc (Physics)

လူမျိုး - ရှမ်း၊ ကယား

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ််(၁)

ပြည်နယ်ဒေသများအတွင်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေးကို ပြည်သူနှင့်အတူ လုပ်ဆောင်သွားရန်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာသဘာဝ သယံဇာတ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကောင်းမွန်သော မူဝါဒများချမှတ် ဖော်ဆောင်သွားရန် လွှတ်တော်သို့ ဝင်ရောက်ရန် ကြွေးကြော်ထားသည်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အနေဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် နေရာတွင် အခြားအင်အားကြီး ပါတီများထက် အသက်အရွယ်အားဖြင့် ငယ်ရွယ်သူ ဖြစ်ခြင်းကြောင့်လည်း ဒေါ်စုငယ်ထွေး အနေဖြင့် ဒေသခံများ အကြားတွင် စိတ်ဝင်စားခြင်း ခံရသူဖြစ်သည်။

အမည် - ဒေါ်အယ်လ်မာ

အသက် - ၄၈ နှစ်

ပညာအရည်အချင်း - BA (Myanmar)

လူမျိုး - ကယန်း

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယန်းအမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၇)

ဒေါ်အယ်လ်မာသည် တောင်ယာအလုပ် လုပ်ကိုင်သူ ဖြစ်သော်လည်း ကယန်းလူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာပြီး ကယန်းလူမျိုး ဖြစ်နေခြင်းက ဒေသခံ ကယန်းတိုင်းရင်းသားများကြားတွင် မဲရနိုင်ခြေရှိသူအဖြစ် သတ်မှတ်ခံရသည်။ ၂၀၁၅ ရွေးကောက်ပွဲနှင့် မတူတော့ဘဲ ကယားပြည်နယ်အတွင်း ကယန်းပါတီ အမျိုးသားပါတီကို ထောက်ခံအားပေးမှု ပိုမိုမြှင့်တက်နေသည်ဟု ဒေသခံများအကြား ပြောဆိုနေမှုအရ ၎င်းသည်လည်း အမျိုးသားလွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံရနိုင်သည့်သူတစ်ဦး ဖြစ်နေသည်။ ထို့ပြင် ယင်းမဲဆန္ဒနယ်၌ ဒေါ်အယ်လ်မာအနေဖြင့် ပြည်မမှ ပါတီများနှင့်သာ အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည့် အတွက်လည်း အလားအလာ ကောင်းနေရခြင်းဖြစ်သည်။

အမည် - ဒေါ်မာရီထွန်း

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - BA (Myanmar), Political Science (Germany)

လူမျိုး - ကယား၊ ကငန်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၁)

အမျိုးသမီး၊ လူငယ်နှင့် တောင်သူလယ်သမားများအတွက် လွှတ်တော်ထဲတွင် ကိုယ်စားပြု တောင်းဆိုပေးရန်နှင့် ဥပဒေပြုခြင်းများ ပြုလုပ်ပေးရန်အပြင် တိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းရေးကို ဦးတည်ဆောင်ရွက်ပေး ရည်ရွယ်၍ ဝင်ရောက်အရွေးခံခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါ်မာရီထွန်းသည် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ အားထားရသူ တစ်ဦးဟု ဆိုနိုင်သည်။ အထူးသဖြင့် ပညာရည် မြင့်မားခြင်းက ဒေသခံများအကြား စိတ်ဝင်တစား စောင့်ကြည့်ခံရသည်။

အမည် - ဒေါ်စနိုးရာ

အသက် - ၄၆ နှစ်

ပညာအရည်အချင်း - နဝမတန်းအောင်

လူမျိုး - မနုမနော

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၄)

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စနိုးရာသည် မနောနှင့် မြန်မာဘာသာစကားကို ကျွမ်းကျင်မှုရှိပြီး လူငယ်စွမ်းရည်များ မြှင့်တင်ရန် ရည်ရွယ်၍ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခြင်းဖြစ်သည်။ ဒေါ်စနိုးရာသည် လူငယ်အရေးများတွင် အဓိကပါဝင် စွမ်းဆောင်လိုသူ ဖြစ်သည့်အလျောက် ပါတီအတွင်း၌ နိုင်ငံရေးအရ တက်ကြွစွာ ပါဝင်လေ့ရှိသူ တစ်ဦးလည်း ဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အားကောင်းခြင်းကလည်း ၎င်းအတွက် အခွင့်အရေး ရှိနေခြင်းဖြစ်သည်။

အမည် - ဦးခွန်အောင်ဇေယျ

အသက် - ၃၅ နှစ်

ပညာအရည်အချင်း - တတိယနှစ်(စီးပွားစီမံ)

လူမျိုး - ပအိုဝ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)

ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၁)

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် နေရာအတွက် ဦးခွန်အောင်ဇေယျ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ပအိုဝ်းတိုင်းရင်းသားများ အကြားတွင် PNO မှ မဲရနိုင်ခြေ ရှိနေသည်။ သို့သော်လည်း ၎င်း၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) အတွက် ယှဉ်ပြိုင်မှုတွင် ဒေသတွင်း အခြားတိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မည်ဟု ခန့်မှန်းရသည်။ ယင်းနယ်မြေတွင် ပြည်မပါတီများနှင့်အတူ တိုင်းရင်းသားပါတီများထဲမှ ရှမ်းတိုင်းရင်းသား ဒီမုုိကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ကလည်း ဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အမည် - နန်းမြဦး

အသက် - ၅၀ နှစ်

ပညာအရည်အချင်း - BA (သမိုင်း)

လူမျိုး/ဘာသာ - ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၅)

နန်းမြဦးသည် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးရေးရာ တာဝန်ခံ၊ ၂၀၁၄ ခုနှစ်တွင် တွဲဖက်အတွင်းရေးမှူး (၂)၊ ၂၀၁၅ ခုနှစ်တွင် အထွေထွေ အတွင်းရေးမှူး၊ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌ (၂)၊ ၂၀၁၉ ခုနှစ်တွင် ဒုတိယဥက္ကဋ္ဌ၊ ၂၀၂၀ ခုနှစ် ဥက္ကဋ္ဌအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၆ မှ ၂၀၂၀ ထိ တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမူ အသင်း၏ အတွင်းရေးမှူးနှင့် သုဇာတာနန်းကလျာ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အတွင်းရေးမှူး ဖြစ်ကြောင်း သိရသည်။

အမည် - နော်ရုဒ်သာ

အသက် - ၃၉ နှစ်

ပညာအရည်အချင်း - 4.G.T.I (MT), BA (English), at Graduate Diploma (Global English), Certificate from India

လူမျိုး/ဘာသာ - ကယား + ကရင်/ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂)

မိမိဒေသအကျိုး ဆောင်ရွက်လိုပြီး စစ်အာဏာရှင် လက်အောက်တွင် နေခဲ့ရသည့် ဒေသခံများကို မိမိဒေသအကျိုးအား ဆောင်ရွက်နိုင်အောင် လက်တွဲခေါ်ယူလိုကာ မျိုးဆက်သစ် လူငယ်များကို တရားမျှတသော စနစ်ရှိသည့် အနာဂါတ်ကို လက်လွှဲပေးချင်၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ကြွေးကြော်ထားသည်။ ပညာတတ် လူငယ် တိုင်းရင်းသူ တစ်ဦးဖြစ်သည့် နော်ရုဒ်သာ အနေဖြင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှနေ၍ အမျိုးသားလွှတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှုသည် အခြေအနေ ကောင်းနိုင်သည်ဟု သုံးသပ်ရမည်ဖြစ်သည်။ သူမအနေဖြင့် ပြည်မမှ NLD၊ ပြည်ခိုင်ဖြိုး စသည့် နှစ်ပါတီဖြင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

အမည် - ဦးရောဘတ်ညေးရယ်

အသက် - ၄၅ နှစ်

ပညာအရည်အချင်း - BA (သမိုင်း)

လူမျိုး - ကယား

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၀)

ဒေသခံ တိုင်းရင်းသား လူမျိုးများ တန်းတူညီမျှမှု အခွင့်အရေးများ ရရှိရေး၊ လူမှုဘဝဖူလုံရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ စစ်မှန်သော ဒေသငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် လွှတ်တော်အတွင်း၌ ပြည်သူများကို ကိုယ်စားပြုပြီး ပြည်သူ့အကျိုးကို လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်ရင်း ပြည်သူများအား အကျိုးပြုစေမည့် အဆိုပြုချက်များကို အဆိုပြု တင်သွင်းပေးနိုင်ရန် ဝင်ရောက် အရွေးခံရခြင်း ဖြစ်ကြောင်း ၎င်းက ကြွေးကြော်ထားသည်။ ဒေသအတွင်း တိုင်းရင်းသား ပါတီများထဲတွင် ဦးရောဘတ်ညေးရယ်၏ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ တစ်ခုတည်းက ယခုမဲဆန္ဒနယ်၌ ယှဉ်ပြိုင်မည် ဖြစ်သဖြင့် အလားအလာကောင်းသည်။

အမည် - စောအားလ်ဒို

အသက် - ၄၃ နှစ်

ပညာအရည်အချင်း - BA (ပထဝီ)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်(၉)

ဒေသအတွင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ ထောက်ခံမှု မြှင့်တက်နေသည့် အခြေအနေအရ စောအားလ်ဒိုသည်လည်း အနိုင်ရရန် အလားအလာကောင်းသည်။ သို့သော်လည်း ၎င်းအနေဖြင့် NLD မှ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒေါ်လွီးဇာနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်သည်ဟု ခန့်မှန်းရသည်။ တောင်တန်းဒေသနှင့် ပြည်မကြား ကွာဟနေသည့် အခွင့်အရေးကို တန်းတူညီမျှရရှိအောင် ဖော်ဆောင်ရန်နှင့် ကောင်းမွန်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် လွှတ်တော်မှတဆင့် တရားဝင် ထိန်းကျောင်းသည့် လုပ်ငန်းစဉ်များ ရယူရန်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ခြင်း ဖြစ်ကြောင်း ကြွေးကြော်ထားသည်။

အမည် - ဦးကျော်ကျော်ထွန်း

အသက် - ၃၄ နှစ်

ပညာအရည်အချင်း - အထက်တန်းအောင်

လူမျိုး - ရှမ်း+ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၅)

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ လူငယ်အမာခံတစ်ဦး ဆိုနိုင်သူ ဦးကျော်ကျော်ထွန်းသည် ရှမ်း၊ ဗမာလူမျိုးဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကြောင့် ၎င်းသည် အနိုင်ရရန် ရေပန်းစားသည်။ သို့သော် SNLD ပါတီ၊ NLD ပါတီ၊ USDP ပါတီတို့မှ ကိုယ်စားလှယ်များနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်သည်။ ၎င်းသည် သဘာဝ သယံဇာတ ထိန်းသိမ်းနိုင်ရန်၊ ဂုဏ်သိက္ခာရှိသော လူအသိုင်းအဝိုင်း တစ်ခုရှင်သန် ရပ်တည်နိုင်စေရန်နှင့် မတူညီသော အမြင်သဘောထားများ လွှတ်တော်အတွင်းသို့ ရောက်ရှိစေရန် ရွေးကောက်ပွဲ ဝင်ခဲ့ခြင်း ဖြစ်သည်ဟု ကြွေးကြော်ထားသည်။

အမည် - ဦးကျော်စိုး(ခ)ဘိုဘိုရွှေ

အသက် - ၄၇ နှစ်

ပညာအရည်အချင်း - ၁၀ တန်းအောင်

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်အမျိုးသားပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၂)

ဦးကျော်စိုးအနေဖြင့် ကရင်အမျိုးသားပါတီမှနေ၍ ကယားပြည်နယ် အမျိုးသားလွှတ်တော်နေရာ တစ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အနိုင်ရရရန်အတွက်မှု ဒေသအတွင်း အားကောင်းသည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ကို အဓိက ကျော်ဖြတ်နိုင်ရန် လိုအပ်ပေသည်။ ကယားပြည်နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ကရင်အမျိုးသား နိုင်ငံရေးတွင် ပါဝင်လာရခြင်း အကြောင်းအရင်းသည် ကယားပြည်နယ်ရှိ ကရင်လူမျိုးစုများနေထိုင်ရာ နေရာတော်တော် များများတွင် အလှမ်းဝေးနေသူများ တိုးတက်မှုလို အပ်နေခြင်းကြောင့် အမျိုးသားနိုင်ငံရေးတွင် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အမည် - ဦးမောတယ်ခဲ

အသက် - ၄၂ နှစ်

ပညာအရည်အချင်း - BA (ပထဝီ)

လူမျိုး - ကယား

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် အမှတ်(၆)

ဦးမောတယ်ခဲသည်လည်း ကယားလူမျိုးကြားတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့်အတူ လူသိများသူ ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်း၏မဲဆန္ဒနယ်တွင် အနိုင်ရရန်လည်း အလားအလာ ကောင်းနေသည်။ ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန (ပို့/ဆက်) ကယားပြည်နယ်ရုံးတွင် အငယ်တန်းစာရေးအဖြစ် ကိုးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ကာ စင်ကာပူနိုင်ငံတွင် လေးနှစ်ခန့် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ဖူးသည်။ တိုင်းရင်းသားအရေးကို ဒေသခံများ ကိုယ်တိုင်ဆောင်ရွက်ရန်နှင့် ဒေသခံများ၏ အကျိုးကို ဆောင်ရွက်လိုသောကြောင့် ရွေးကောက်ခံရခြင်း ဖြစ်သည်ဟု ကြွေးကြော်ထားသည်။

အမည် - ဦးညွှန့်ရွှေ

အသက် - ၆၁ နှစ်

ပညာအရည်အချင်း - BA (Psychology)

လူမျိုး - ကရင်/ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)

ဦးညွှန့်ရွှေ ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် SNLD ပါတီမှလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ကို တွေ့ရသည်။ ဦးညွှန့်ရွှေသည် နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံရှိသူ ဖြစ်သည့်အတွက် ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီနှင့်အတူ ယင်းနယ်မြေတွင် အနိုင်ရရန် အခွင့်အရေးရှိသည်။ ဦးညွှန့်ရွှေသည် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတွင် ဗဟိုအလုပ်အမှုဆောင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး IDPs နှင့် Refugees အရေးများအား လွှတ်တော်အတွင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ကြွေးကြော်ထားသည်။

အမည် - ဦးတူရယ်

အသက် - ၃၀ နှစ်

ပညာအရည်အချင်း - B.Sc (Maths)

လူမျိုး - ကယား

ကိုးကွယ်သည့်ဘာသာ - ကတ်သလစ်ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၈)

ဒေသခံ တောင်သူလယ်သမားများ အကြားတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဦးတူရယ်သည်လည်း ရေပန်းစားသူတစ်ဦးဖြစ်သည်။ အမျိုးသားလွှတ်တော် တစ်နေရာအတွက် တိုင်းရင်းသားပါတီမှ အသာစီးရရန် ၎င်း၏မဲဆန္ဒနယ်သည် အလားအလာကောင်းသည်။ အဖိနှိပ်ခံ တောင်သူလယ်သမားများ၏ ခံစားချက်များ၊ အသံများကို လွှတ်တော်နိုင်ငံရေးမှတဆင့် အရေးဆိုပေးနိုင်ရန်နှင့် လူတိုင်းလက်လှမ်းမီနိုင်သည့် ပညာရေး စနစ်ကို ဖော်ထုတ်ရန်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ကြွေးကြော်ထားသည်။ ကယားပြည်နယ်တွင် ၂၀၁၈ ခုနှစ်က ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူသည့်အပေါ် ကန့်ကွက်ဆန္ဒပြမှုဖြင့် တရားစွဲ ခံခဲ့ရသူလည်း ဖြစ်သည်။

အမည် - ဦးဇော်ဇော်

အသက် - ၄၁ နှစ်

ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(ပထဝီ)

လူမျိုး - ရှမ်း

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၂)

ရှမ်းတိုင်းရင်းသား လူငယ်တစ်ဦးအဖြစ် ဒေသအတွင်းတွင် ဦးဇော်ဇော်ကို လူသိများသည်ဟု ဆိုနိုင်သည်။ ၎င်းအနေဖြင့် ကယားပါတီဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းနှင့် အကြိတ်အနယ် ပြိုင်ရလိမ့်မည်။ SNLD ပါတီ၏ လွိုင်ကော်မြို့နယ် အလုပ်အမှုဆောင် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူထားသူဖြစ်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ကယားပြည်နယ် ဥက္ကဋ္ဌလည်းဖြစ်ကာ လူမျိုးဘာသာမရွေး သာသနာဆိုင်ရာ ကိစ္စရပ်များ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

အမည် - ဦးဇော်မျိုးထက်

အသက် - ၃၆ နှစ်

ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်း

လူမျိုး - ရှမ်း/ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၁)

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မှုသည် ခက်ခဲနေသည်မှာ အမှန်ဖြစ်သည်။ ဦးဇော်မျိုးထက်၏ မဲဆန္ဒနယ်တွင် အားကောင်းသော ပြည်မပါတီနှင့် ကယားပါတီတို့နှင့် ယှဉ်ပြိုင်ရပြီး ၎င်းနှင့်အတူ ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ပြိုင်ခြင်းဖြစ်သည်။ SNLD ပါတီ၏ လွိုင်ကော်မြို့နယ် အလုပ်အမှုဆောင် ကော်မတီ၏ ပြန်ကြားရေးမှူးဖြစ်ပြီး ရှမ်းကရင်လူမျိုးစပ် ဖြစ်ခြင်းကြောင့် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားရေးရာ ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်သူဖြစ်သည်။

 

Most Read

Most Recent