တစ်နိုင်ငံလုံးရှိ Quarantine နေရာ ၅၈၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၇၆၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ လူဦးရေ ၃၀၀၀၀ ဝန်းကျင်ဖြင့် အများဆုံးဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine နေရာ ၃၆၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၉၀၀၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၁၀၀ ကျော်၌ အသွားအလာကန့်သတ်ထားသူ ၁၀၀၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ Quarantine နေရာ ၉၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၀၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၅၉၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၄၄၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ Quarantine နေရာ ၇၈၀ ကျော်၌ အသွားအလာကန့်သတ်ထားသူ ၄၀၀၀ ကျော်၊ ကချင်ပြည်နယ်ရှိ Quarantine နေရာ ၃၄၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၃၂၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၃၉၀ ကျော်၌ အသွားအလာကန့်သတ်ထားသူ ၃၁၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၂၅၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၈၀၀ ကျော်၊ ရခိုင်ပြည်နယ်ရှိ Quarantine နေရာ ၂၇၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၇၀၀ ကျော်၊ ရှမ်း (တောင်ပိုင်း) ရှိ Quarantine နေရာ ၁၄၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၄၀၀ ကျော်၊ တနင်္သာရီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၅၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၃၀၀ ကျော်၊ မွန်ပြည်နယ်ရှိ Quarantine နေရာ ၃၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၃၀၀ ကျော်၊ ရှမ်း (မြောက်ပိုင်း) ရှိ Quarantine နေရာ ၄၄၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၀၀၀ ကျော်၊ နေပြည်တော်ရှိ Quarantine နေရာ ၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၀၀၀ ကျော်၊ ရှမ်း (အရှေ့) ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၅၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၃၆၀ ကျော်၊ ချင်းပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲပြုလုပ်သည့် နေ့တွင် Quarantine ခံထားရသူများ၊ ဆေးရုံများ၌ ဆေးကုသနေသူများ၊ မိမိနေထိုင်ရာ ဒေသပြင်ပရောက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။
အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် လူနာများ၊ COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် တာဝန်ကျနေသော ကျန်းမာရေးဝန်ထမ်းများ၊ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများသေချာစေရေး ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လာမည့်နိုဝင်ဘာ ၈ ရက်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ COVID-19 ကူးစက်မှုမရှိစေဘဲ ဘေးကင်းစိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရေးဆွဲခဲ့ပြီးဖြစ်၍ လက်တွေ့သရုပ်ပြခြင်းနှင့် သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့်အညီ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြခြင်းကို နှစ်ကြိမ်ကြည့်ရှုခဲ့ရာတွင် မဲရုံသို့ မဝင်ရောက်မီ တန်းစီချိန်မှစ၍ ဝင်ရောက်ပြီး အဆင့်ဆင့်သော ဆန္ဒမဲပေးမှုများနှင့် မဲရုံမှ ပြန်လည်ထွက်ခွာသည်အထိ အဆင့်ဆင့်ကို အသေးစိတ်ကြည့်ရှုကာ လမ်းညွှန်ချက်များနှင့် အကြံပြုချက်များ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါအချက်များကို မိမိတို့ တိကျစွာလိုက်နာပြင်ဆင်ကာ ဆန္ဒမဲပေးရာတွင် ရောဂါကူးစက်မှုအလားအလာ မရှိသလောက်နည်းပါးစေရန် ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲပြုလုပ်သည့်နေ့တွင် သတ်မှတ်နေရာအမျိုးမျိုးတွင် အသွားအလာ ကန့်သတ်ခံထားရသူများ Quarantine နှင့် ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် မိမိဆန္ဒမဲပေးရမည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၏ပြင်ပတွင် တွဲဖက်တာဝန် ထမ်းဆောင်နေကြရမည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေး ကိစ္စရပ်များအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်းနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲချမှတ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ထိုသို့ဆန္ဒမဲပေးနိုင်ရန်အတွက် လုပ်ဆောင်ရမည့်အချက်များကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံးကြိုတင်အသိပေး ဖြန့်ဝေမည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားခြင်းနှင့် ဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေထားသော Mobile Tablet ၃၀၀၀၀ ခန့်သို့ ဗဟိုမှနေ၍ အင်တာနက်မှတစ်ဆင့် ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။










