၂၀၂၀ ပြည့်နှစ် မတ်လမှ စက်တင်ဘာလအထိ ရန်ကုန်ဆိပ်ကမ်းများ၌ အထွေထွေကုန်စည်တန်ချိန် စုစုပေါင်း ခုနစ်သန်းခန့် တင်သွင်းတင်ပို့မှု ပြုလုပ်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ကုန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ပိုမိုကိုင်တွယ်နိုင်ခဲ့

၂၀၂၀ ပြည့်နှစ် မတ်လမှ စက်တင်ဘာလအထိ ရန်ကုန်ဆိပ်ကမ်းများ၌ အထွေထွေကုန်စည်တန်ချိန် စုစုပေါင်း ခုနစ်သန်းခန့် တင်သွင်းတင်ပို့မှု ပြုလုပ်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ကုန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ပိုမိုကိုင်တွယ်နိုင်ခဲ့
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်နေစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်နေစဉ်
Published 21 October 2020
ရွှန်းလဲ့ဝင်း

၂၀၂ဝပြည့်နှစ် မတ်လမှ စက်တင်ဘာလထိ ရန်ကုန်ဆိပ်ကမ်းများ၌ အထွေထွေ ကုန်စည်တန်ချိန်စုစုပေါင်း ခုနစ်သန်းခန့် တင်သွင်းတင်ပို့မှုပြုလုပ်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ကုန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားသည့် မတ်လမှစတင်ကာ ကုန်တင်ကုန်ချလုပ်ငန်းများနှင့် ဆိပ်ကမ်းလုပ်ငန်းများ အဆင်ပြေရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အွန်လိုင်းဖြင့် ဆောင်ရွက်ပေးနေပြီး နိုင်ငံ၏ ထုတ်ကုန်သွင်းကုန် လုပ်ငန်းများအားလုံးကို ရာနှုန်းပြည့် ရေကြောင်းကဏ္ဍမှ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သော ၂၀၂၀ ပြည့်နှစ် မတ်လမှ စက်တင်ဘာလအထိ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်သည့် ကုန်တန်ချိန်ပမာဏအား ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉ မတ်လမှ စက်တင်ဘာအထိ အထွေထွေကုန်စည် တန်ချိန် ၅၃၂၁၁၉၇ တင်သွင်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်ယင်းကာလတွင် ကုန်တန်ချိန် ၆၉၀၀၀၄၀ တင်ပို့နိုင်ခဲ့သည့်အတွက် ပမဏအားဖြင့် ကုန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ပိုမိုတင်ပို့တင်သွင်းခြင်း ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြင် ယခုနှစ် ဇူလိုင်လမှစတင်၍ ရန်ကုန်မြစ်အတွင်း ခွင့်ပြုရေစူးအနက်ပေ ပိုမိုရရှိခဲ့သဖြင့် ယခင်ထက် အရွယ်အစား ကြီးမားသောသင်္ဘောကြီးများ ဝင်ထွက်ခွင့် ရရှိခဲ့ခြင်းကြောင့် ကုန်တန်ချိန်ပမာဏ ပိုမိုကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လက်ရှိကိုဗစ်ကာလမှာ လေကြောင်းတွေကလည်းပိတ်တယ်။ တခြားနယ်စပ်ဌာနတွေကလည်း ပိတ်တယ်ဆိုတော့ ကျွန်တော်တို့ ရေကြောင်းကပါ ပိတ်လိုက်မယ်ဆို အဆင်မပြေနိုင်တော့ဘူး။ ဒါကြောင့် ကိုဗစ်ကာလမှာ မြန်မာတစ်နိုင်ငံလုံး ထုတ်ကုန်သွင်းကုန် အကုန်လုံးကို ရေကြောင်းကပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အရင်ကဆို ၈၅ ရာခိုင်နှုန်း အခုဆို ရာနှုန်းပြည့် ဆိပ်ကမ်းကပဲ တာဝန်ယူပြီးဆောင်ရွက်နေပါတယ်။ ကိုဗစ်ဖြစ်တာကြောင့် ဆိပ်ကမ်းကို သင်္ဘောအဝင် အထွက်တွေ လျော့သွားတယ်ဆိုတာ မရှိပါဘူး။ ရေကြောင်း ကဏ္ဍကို ကန့်သတ်လိုက်ရင် ဝန်ဆောင်မှုတော်တော်များများ အကျပ်အတည်း ဖြစ်သွားမှာပါ။ Pilot တွေ စီစဉ်တဲ့နေရာမှာလည်း သင်္ဘောတစ်စင်းမဝင်ခင် သုံးရက်အလိုကတည်းက သင်္ဘောရဲ့ အခြေအနေကို လှမ်းသတင်းပေးတယ်။ တစ်ယောက်ယောက် နေမကောင်းတာပါပြီဆိုရင် Pilot တွေက PPE ဝတ်စုံတွေဝတ်ပြီး မောင်းနှင်ရပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေကြောင်းဌာနမှ ဒုတိယရေကြောင်းဌာနမှူးချုပ် ဦးဝင်းမြင့်အောင်က ပြောကြားသည်။ 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ်အတွင်း ရေစူးများပြီး တန်ချိန်ကြီးမားသော သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအသစ်အား ရှာဖွေခဲ့ရာ ရေစူး ၉ ဒသမ ၃ မီတာရှိ သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်းအသစ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယခင်က ရေစူးကန့်သတ်ချက်ကြောင့် အတွင်းဆိပ်ကမ်းသို့ တိုက်ရိုက်မဝင်ရောက်နိုင်ဘဲ အပြင်ဆိပ်ကမ်း (သီလဝါဆိပ်ကမ်း) တွင် ကုန်ချ အလေးချိန်လျှော့ချ (ရေစူးလျှော့ချ) ပြီးမှ အတွင်းဆိပ်ကမ်းများ (ဆူးလေတံတား၊ အေးရှားဝေါလ်တံတား၊ စက်မှုဆိပ်ကမ်းတံတား စသည်) သို့ ဝင်ရောက်ရခြင်းများ မလိုအပ်တော့သည့်အတွက် အချိန်နှင့် ကုန်ကျစရိတ်များလျှော့ချနိုင်ကြောင်း၊ ရေစူးများသော ရေယာဉ်ကြီးများအတွင်း ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာတွင် အတွင်းစည်းခုံကို ဖြတ်သန်းနိုင်ရန် ရေချိန်စောင့်ထွက်ခွာရသောကြောင့် အပြင်စည်းခုံအား ဆက်လက်ဖြတ်သန်းနိုင်ရန် အချိန်မမီတော့သည့်အတွက် ကြားခံကျောက်ချရပ် (Via Anchorage Area) တွင် စောင့်ဆိုင်းပြီးမှ ထွက်ခွာရသည့် ကန့်သတ်ချက်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent