ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီဝင် သုံးသောင်းခန့်သည် မြဝတီမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးပါတီ (USDP) နှင့် ပူးပေါင်းလိုက်ကြောင်း သိရသည်။
ယခင် UDP ပါတီမှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးရက USDP ပါတီနှင့် ပူးပေါင်းရခြင်းမှာ နိုင်ငံဖွံ့ဖြိုးအောင် တည်ဆောက်နိုင်သည့် ပါတီဖြစ်၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မြဝတီမြို့နယ်မှာ နှင်းဆီပါတီဝင်အားလုံးက သုံးသောင်းကျော်လောက် ရှိတယ်ခင်ဗျ။ ပါတီဖျက်သိမ်းခံပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတော်ကို တကယ်ဦးဆောင်နိုင်တဲ့ ပါတီကို ကြည့်တဲ့အခါ ပြည်ခိုင်ဖြိုးပါတီပဲ တွေ့ပါတယ်။ နှင်းဆီပါတီက အင်အား၂၀ ကျော်ကလွဲလို့ မြဝတီမြို့နယ် ပြည်ခိုင်ဖြိုးပါတီကို အကုန်လုံး ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျနော်တို့နှင်းဆီပါတီ ရပ်တည်မှု ကောင်းမွန်တဲ့ မူဝါဒတွေရှိတယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ USDP နဲ့ မြဝတီမြို့နယ်ကတဆင့် ကရင်ပြည်နယ်ကတဆင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်းရံသွားမှာပါ” ဟု ယခင် UDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးရ ပြောသည်။

မြဝတီမြို့ရှိ UDP ပါတီဝင်များသည် အောက်တိုဘာ ၂ဝ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကျင်္ီများ ဝတ်ဆင်ပြီး ပြည်ခိုင်ဖြိုးပါတီ အလံများ လွှင့်ထူကာ USDP ပါတီနှင့်တရားဝင် ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း လူထုအား အသိပေးပြီး မော်တော်ယာဉ်များဖြင့် မြို့တွင်းသို့ လိုက်လံလှည့်လည် ခဲ့ကြသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ မြဝတီမြို့တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ပါတီအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ တစညပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့မှ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။















