ဒုတိယအကြိမ် COVID-19 ချေးငွေ ဒုတိယအသုတ်အဖြစ် လုပ်ငန်း ၁၂၀၀ ကို ခွင့်ပြုခဲ့ရာ ရခိုင်ပြည်နယ်မှ ချေးငွေရရှိသည့်လုပ်ငန်း  ၃၈ ခုရှိပြီး ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ဆန်စက်လုပ်ငန်းများ အများဆုံးပါဝင်

ဒုတိယအကြိမ် COVID-19 ချေးငွေ ဒုတိယအသုတ်အဖြစ် လုပ်ငန်း ၁၂၀၀ ကို ခွင့်ပြုခဲ့ရာ ရခိုင်ပြည်နယ်မှ ချေးငွေရရှိသည့်လုပ်ငန်း  ၃၈ ခုရှိပြီး ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ဆန်စက်လုပ်ငန်းများ အများဆုံးပါဝင်
Published 20 October 2020

ဒုတိယအကြိမ် COVID-19 ချေးငွေ ဒုတိယအသုတ်အဖြစ် လုပ်ငန်း ၁၂၀၀ ခုကို ခွင့်ပြုပေးခဲ့ရာ ရခိုင်ပြည်နယ်မှ ချေးငွေရရှိသည့်လုပ်ငန်း ၃၈ ခုရှိပြီး ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ဆန်စက်လုပ်ငန်းများ အများဆုံး ပါဝင်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ချေးငွေရရှိသည့်လုပ်ငန်းများတွင် နေလှန်းဆားထုတ်လုပ်ရေးလုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်း၊ ငါးမုန့်လုပ်ငန်း၊ ဆားကြိတ်စက်၊ အိုင်အိုဒင်းဆားထုတ်လုပ်ရေးလုပ်ငန်း၊ ရေခဲစက်နှင့် ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ဆန်စက်လုပ်ငန်းများနှင့် ငါး ပုစွန်မွေးမြူရေးလုပ်ငန်းများ စသည့်လုပ်ငန်း ၃၈ ခု ချေးငွေရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် COVID-19 ချေးငွေ ကျပ်ဘီလျံ ၁၀၀ အနက်မှ ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၂၀၀ ခုသို့ ကျပ်၂၁ ဘီလျံကျော် ထပ်မံထုတ်ချေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်က ငွေကျပ်ဘီလျံ ၁၀၀ ထပ်မံလျာထားခဲ့ပြီး ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ငွေကျပ် ၂၀ ဒသမ ၇၇၇ ဘီလျံခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံ၍ လုပ်ငန်း ၁၂၀၀ ခုသို့ ငွေကျပ် ၂၁ ဒသမ ၁၂၂ ဘီလျံ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အတည်ပြုပြီးပါက ဒုတိယအကြိမ်ချေးငွေမှ ကဏ္ဍအလိုက်ခွင့်ပြုထုတ်ပေးနိုင်မှုသည် စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခုရှိ လာမည်ဖြစ်ပြီး ပမာဏငွေကျပ် ၄၁ ဒသမ ၈၉၉ ဘီလျံရှိလာမည်ဖြစ်သည်။

ပထမအကြိမ် COVID-19 ချေးငွေ အစီအစဉ်အရ လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေကျပ် ၁၀၁ ဒသမ ၁၂၈ ဘီလျံထုတ်ပေးရန် စိစစ်ခွင့်ပြုခဲ့သည့်အနက် လုပ်ငန်း ၃၂၃၉ ခုသို့ ငွေကျပ် ၉၇ ဒသမ ၀၅၀ ဘီလျံ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့ ချေးငွေကျပ် ၄ ဒသမ ၀၇၈ ဘီလျံဆက်လက်ထုတ်ပေးရေး မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

လက်ရှိအချိန်အထိ ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေထုတ်ပေးနိုင်မှုအခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍလုပ်ငန်း ၄၁ ခု ငွေကျပ် သန်း ၁၀၁၀၊ မွေးမြူရေးကဏ္ဍလုပ်ငန်း ၁၈၂ ခုငွေကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်းကဏ္ဍလုပ်ငန်း ၉၃ ခု ငွေကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်းကဏ္ဍလုပ်ငန်း ၄၂ ခုငွေကျပ်သန်း ၁၇၇၀၊ သွင်းကုန်အစားထိုးကဏ္ဍ လုပ်ငန်း ၁၅၃ ခုငွေကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်း ၄၉ ခု ငွေကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန်ကဏ္ဍလုပ်ငန်း ၁၅၇၀ ခု ငွေကျပ်သန်း ၂၇၅၆၀၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ၇၀ ငွေကျပ်သန်း ၈၇၀၊ အသက်မွေးပညာသင်လုပ်ငန်းများ လုပ်ငန်း ၄၁ ခု ငွေကျပ် ၈၅၂ သန်း၊ စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခု ငွေကျပ် ၄၁၈၉၉ သန်းအထိ ထုတ်ချေးပေးကြောင်း သိရသည်။

Most Read

Most Recent