ဂျူဗင်တပ်စ်၏ စိုးမိုးမှုကို ရပ်တန့်နိုင်စွမ်းရှိသည်ဟု အီဘရာဟီမိုဗစ် ကြုံးဝါး

ဂျူဗင်တပ်စ်၏ စိုးမိုးမှုကို ရပ်တန့်နိုင်စွမ်းရှိသည်ဟု အီဘရာဟီမိုဗစ် ကြုံးဝါး
Published 19 October 2020

အေစီမီလန်အသင်း၏ တိုက်စစ်မှူး အီဘရာဟီမိုဗစ်က စီးရီးအေပြိုင်ပွဲ၌ ဂျူဗင်တပ်စ်အသင်းစိုးမိုးထားမှုကို မိမိတို့ ရပ်တန့်နိုင်စွမ်းရှိသည်ဟု ကြုံးဝါးပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် အင်တာမီလန်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် မီလန်ဒါဘီပွဲတွင် (၂)ဂိုးသွင်းယူခဲ့ပြီးနောက် ယခုကဲ့သို့ ကြုံးဝါးခဲ့ခြင်းလည်းဖြစ်သည်။ 

အီဘရာဟီမိုဗစ်က ''ကျွန်တော်တို့အသင်းက အစပြုနေပါပြီ။ ကျွန်တော် ရောက်လာပြီးကတည်းက ထူးခြား ပြောင်မြောက်တာတွေ လုပ်ဆောင်နေတာပါ။ အထူးသဖြင့် Lock Down ကာလအပြီးမှာ အများကြီး တိုးတက်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း ခြားနားလာပါတယ်။ လူငယ်ကစားသမားတွေရဲ့ လေ့ကျင့်မှုကလည်း တကယ်ကောင်းပါတယ်။ ဒီအသင်းမှာ ကျွန်တော်က အသက်အကြီးဆုံးပါ။ အားလုံးက ကျွန်တော့်ကို အတုယူပြီး ကျွန်တော့်လိုပဲ နိုင်ပွဲကို ဆာလောင်လာကြပါတယ်။ ကျွန်တော်ရောက်လာချိန်မှာ ဥရောပဝင်ခွင့်ရဖို့ ပစ်မှတ်ထားခဲ့ပြီး လက်တွေ့လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်တစ်ဦးတည်း ရည်မှန်းချက်နဲ့တော့ မတူပါဘူး။ စကူဒက်တိုဖလားကို ကျွန်တော်တို့ ရယူနိုင် စွမ်းရှိပါတယ်။ ဒီအတွက် ခရီးကတော့ ရှည်ကြာနိုင်ပါတယ်''ဟု ဆိုခဲ့သည်။ 

အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရထားသည့် တစ်သင်းတည်းသောအသင်းအဖြစ်ရပ်တည်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေခြင်းကြောင့် အီဘရာဟီမိုဗစ်က ကျေနပ်အားရ နေခြင်းလည်းဖြစ်သည်။ 

ထို့ပြင် အီဘရာဟီမိုဗစ်က မိမိအနေဖြင့် အသက်(၃၉)နှစ်ရှိပြီဖြစ်သော်လည်း အသက်(၂၀)မှ (၃၀)ကြား လူငယ်တစ်ဦးကဲ့သို့ ခံစားနေရကြောင်းနှင့် မိမိကို ယခုအချိန်အထိ မည်သူမျှ မရပ်တန့်နိုင်သေးကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent