ပါတီစုံ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ပါတီစုံ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
စက်တင်ဘာ ၁၇ ရက်ကပြုလုပ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေအတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပွဲသို့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်စဉ်
စက်တင်ဘာ ၁၇ ရက်ကပြုလုပ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေအတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပွဲသို့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်စဉ်
Published 15 October 2020
မင်းနိုင်စိုး

ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ငါးနှစ်မြောက် အထိမ်းအမှတ်နေ့သို့ ပေးပို့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဝဏ်လွှာတွင် ၎င်းက ထိုသို့ထည့်သွင်း ပြောကြားထားသည်။

ရွေးကောက်ပွဲတွင် ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထား လုပ်ဆောင်မည့် ဥပဒေကို စိတ်ဝင်စား အလေးထားသည့် ကိုယ်စားလှယ်ကောင်းများ ရရှိရေးကို ဂရုတစိုက် စိစစ်ရွေးချယ်ကြရန် အသိပေးလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရွေးချယ်မှုမှန်ကန်မှသာ တိုင်းရင်းသားများ လိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝ၀ ခံစားနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားများ၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တိုင်းရင်းသားများနှင့် လက်တွဲ၍ တည်ဆောက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဆိုပါ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ရှိသကဲ့သို့ နိုင်ငံရေးမူဝါဒအပေါ် အခြေခံဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ၊ ဒေသနှင့် တိုင်းရင်းသား လူမျိုးများအပေါ် အခြေခံ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ စသည်ဖြင့် နိုင်ငံရေးပါတီ မျိုးစုံရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် နိုင်ငံတော်၏အရေးကို ဆောင်ရွက်ကြမည့် နိုင်ငံရေးပါတီများသည် နိုင်ငံတော် တည်ဆောက်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြု ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထိုကဲ့သို့ ပါဝင်နိုင်သည့်စနစ်ကို ကျင့်သုံးမှသာ ဒေသအကျိုးနှင့် လူမျိုးအကျိုးကို ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခွင့် ရှိမည်ဖြစ်ကြောင်း၊ သို့မှသာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို အမြန်ဆုံး သွားရောက်နိုင်မည်ဖြစ်သဖြင့် ယင်းကိစ္စကို နည်းလမ်းတစ်ခု အနေဖြင့် စဉ်းစားကြစေလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရာတွင် ထာဝရငြိမ်းချမ်းရေး မရရှိဘဲ ပြောင်းလဲရန် ခက်ခဲကြောင်း၊ ပါတီစုံ ဒီမိုကရေစီခေတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများ၊ သဘောတူညီချက်များ၌ တစ်ပုံစံတည်း ဖြစ်စေရန်၊ ဒီမိုကရေစီနှင့် ကိုက်ညီစေရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent