လက်လီဆိုင်များ ပိတ်ထားရသည့်အတွက် အခက်အခဲများ ရှိလာသဖြင့် လက်လီအရောင်းဆိုင်များ၊ လက်ကား အရောင်းစင်တာများနှင့် စျေးကြီးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရထံ တင်ပြမည်

လက်လီဆိုင်များ ပိတ်ထားရသည့်အတွက် အခက်အခဲများ ရှိလာသဖြင့် လက်လီအရောင်းဆိုင်များ၊ လက်ကား အရောင်းစင်တာများနှင့် စျေးကြီးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရထံ တင်ပြမည်
လက်လီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
လက်လီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 15 October 2020

လက်လီအရောင်းဆိုင်များ၊ လက်ကား အရောင်းစင်တာများနှင့် စျေးကြီးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ တာဝန်ရှိများထံ တင်ပြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီပါက စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခွင့်ရသကဲ့သို့ လက်လီအရောင်းဆိုင်များလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းတို့ အောက်တိုဘာ ၁၃ ရက်က ဆွေးနွေးခဲ့သည်။

လက်လီဆိုင်များ ပိတ်ထားရသည့် အချိန်ကာလတစ်ခု ရှိလာပြီဖြစ်၍ အခက်အခဲများရှိပြီး အဆိုပါဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစိုးရတာဝန်ရှိသူများထံ တင်ပြနိုင်ရေး၊ အထူးသဖြင့် လက်ကား အရောင်းစင်တာများ၊ စျေးကြီးများ၊ လက်လီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တစ်ဖက်မှလည်း တိုင်းဒေသကြီး အစိုးရနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ လက်ရှိရောဂါ အခြေအနေများအား ထိန်းချုပ်ဆောင်ရွက် နေရသည်များကိုလည်း ထည့်သွင်းစဉ်းစား လိုက်နာရန် လိုအပ်သည့် အခြေအနေများ၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအတွက် အစိုးရ၏ ကိုဗစ်ချေးငွေချထားပေး သကဲ့သို့ လက်လီစတိုးဆိုင်ငယ်များ အတွက်လည်း ချထားပေးနိုင်ရေးအတွက် ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီသို့ တင်ပြနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

COVID-19 ဖြစ်ပေါ်နေသည့်ကာလ အရေးပေါ် လိုအပ်ချိန်တွင် ဖြန့်ချိနိုင်ရန် ဝယ်ယူထားသော နိုင်ငံတော် အရန်ဆန် လက်ကျန်အိတ်ရေ ၈၄၀၀၀၀ ခန့် ကျန်ရှိနေသေးပြီး လက်ရှိတွင် ရန်ကုန်မြို့ရှိ လက်လီဆိုင်များသို့ အရောက်ပို့စနစ်ဖြင့် ရောင်းချပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ စားသူံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းနှင့် ဆန်စပါး ကုန်စည်ဒိုင်များ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆန်လက်လီဆိုင်များ အနေဖြင့် လက်ရှိကာလအတွင်း ဆန်ဝယ်ယူနိုင်ပြီး လက်လီဆိုင်နေရာအထိ အရောက် ပို့ဆောင်ပေးလျက်ရှိသည်။

စားသုံးသူများထံသို့ ဆန်လက်ကျန်ရှိသရွေ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဧည့်မထဆန်ကို တစ်ကြိမ်မှာယူပါက အနည်းဆုံး ၁၀ အိတ်နှင့် အများဆုံး အိတ် ၅၀ မှာယူပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပြီး အဆိုပါ အရန်ဆန် လက်ကျန်ပမာဏကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သိုလှောင်ထားရှိပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဆန်စပါး ကုန်စည်ဒိုင်များမှတစ်ဆင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းတွင် အဓိကစားသုံးသည့် ပေါ်ဆန်းဆန် အပါအဝင် ဆန်ချောများနှင့်  ပြည်တွင်းစားသုံးသည့် ဆန်ကြမ်း (ရှယ်) အမျိုးအစားများကို ကုန်စည်ဒိုင်ပေါက်စျေးဖြင့် ဆိုင်အရောက် ရောင်းချပေးမည်ဖြစ်သည်။

ပြည်တွင်းတွင် အဓိကစားသုံးသည့် ပေါ်ဆန်းကဲ့သို့ ဆန်ချောများနှင့် ဆန်ကြမ်း (ရှယ်) များသည် အမျိုးအစား ကွဲပြားသဖြင့် စျေးနှုန်းသတ်မှတ်ရန် ခက်ခဲခြင်းကြောင့် ကုန်စည်ဒိုင်စျေးနှုန်းဖြင့် ရောင်းချပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

COVID-19 ကြောင့် Stay at Home အစီအစဉ်ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စားသုံးသူများအတွက် ဆန်အိတ်ရေ တစ်သိန်းကျော် ရောင်းချပေးခဲ့ ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆန်ရောင်းချပေးမှုအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၁၃၀၇ အိတ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၁၅၂၀ အိတ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၂၇၃ အိတ်၊ နေပြည်တော်တွင် အိတ်ရေ ၇၇၀၀၊ မွန်ပြည်နယ်တွင် အိတ်ရေ ၄၄၀၀၊ ချင်းပြည်နယ်တွင် အိတ်ရေ ၂၀၀၀၊ ကယားပြည်နယ်တွင် အိတ်ရေ ၂၀၀၀၊ ပဲခူးတိုင်း ဒေသကြီးတွင် အိတ်ရေ ၁၃၀၀၊ မကွေးတိုင်း ဒေသကြီးတွင် အိတ်ရေ ၈၀၀၊ ဧရာဝတီ တိုင်းဒေသကြီးတွင် အိတ်ရေ ၇၀၀ နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အိတ်ရေ ၁၀၀ ဖြင့် စုစုပေါင်း ဆန်အိတ်ရေ ၁၀၀၁၀၀ ရောင်းချပေးထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရရှိသော စာရင်းများအရ သိရသည်။

Most Read

Most Recent