ဒုတိယအကြိမ် COVID-19 ချေးငွေ ကျပ်ဘီလျံ ၁၀၀ အနက်မှ ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၂၀၀ သို့ ကျပ် ၂၁ ဘီလျံကျော် ထပ်မံထုတ်ချေးနိုင်ရေး အတည်ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဒုတိယအကြိမ် COVID-19 ချေးငွေ ကျပ်ဘီလျံ ၁၀၀ အနက်မှ ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၂၀၀ သို့ ကျပ် ၂၁ ဘီလျံကျော် ထပ်မံထုတ်ချေးနိုင်ရေး အတည်ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးကို တွေ့ရစဉ် (Photo : MIFER)
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးကို တွေ့ရစဉ် (Photo : MIFER)
Published 15 October 2020
ဇေယျာငြိမ်း

ဒုတိယအကြိမ် COVID-19 ချေးငွေ ကျပ်ဘီလျံ ၁၀၀ အနက်မှ ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၂၀၀ ခုသို့ ကျပ်၂၁ ဘီ လျံကျော် ထပ်မံထုတ်ချေး ပေးနိုင်ရေးအတွက် အတည်ပြုပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၀) တွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်က ကျပ်ဘီလျံ ၁၀၀ ထပ်မံလျာထားခဲ့ပြီး ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ငွေကျပ် ၂၀ ဒသမ ၇၇၇ ဘီလျံခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင် ထပ်မံ၍ လုပ်ငန်း ၁၂၀၀ ခုသို့ ကျပ် ၂၁ ဒသမ ၁၂၂ ဘီလျံ ထုတ်ပေး နိုင်ရေးအတွက် အတည်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ယင်းသို့ အတည်ပြုပြီးပါက ဒုတိယအကြိမ် ချေးငွေမှ ကဏ္ဍအလိုက် ခွင့်ပြုထုတ်ပေးနိုင်မှုသည် စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခုရှိလာမည်ဖြစ်ပြီး ပမာဏကျပ် ၄၁ ဒသမ ၈၉၉ ဘီလျံရှိလာမည် ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် COVID-19 ချေးငွေ အစီအစဉ်အရ လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေကျပ် ၁၀၁ ဒသမ ၁၂၈ ဘီလျံထုတ်ပေးရန် စိစစ်ခွင့်ပြုခဲ့သည့်အနက် လုပ်ငန်း ၃၂၃၉ ခု သို့ ငွေကျပ် ၉၇ ဒသမ ၀၅၀ ဘီလျံထုတ်ပေး ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့ ချေးငွေကျပ် ၄ ဒသမ ၀၇၈ ဘီလျံ ဆက်လက်ထုတ်ပေးရေး မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆို သည်။

လက်ရှိအချိန်အထိ ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေထုတ်ပေးနိုင်မှု အခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍလုပ်ငန်း ၄၁ ခု ငွေကျပ် သန်း ၁၀၁၀၊ မွေးမြူရေးကဏ္ဍလုပ်ငန်း ၁၈၂ ခုငွေကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်းကဏ္ဍလုပ်ငန်း ၉၃ ခု ငွေကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်းကဏ္ဍ လုပ်ငန်း ၄၂ ခုငွေကျပ်သန်း ၁၇၇၀၊ သွင်းကုန်အစားထိုး ကဏ္ဍလုပ်ငန်း ၁၅၃ ခုငွေကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်း ၄၉ ခု ငွေကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန်ကဏ္ဍ လုပ်ငန်း ၁၅၇၀ ခု ငွေ ကျပ်သန်း ၂၇၅၆၀၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ၇၀ ငွေကျပ်သန်း ၈၇၀၊ အသက်မွေးပညာသင် လုပ်ငန်းများ လုပ်ငန်း ၄၁ ခု ငွေကျပ် ၈၅၂ သန်း၊ စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခု ငွေကျပ် ၄၁၈၉၉ သန်းအထိ ထုတ်ချေးပေးကြောင်း သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိ သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ အတွက် ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် ကျပ်ဘီလျံ ၁၀၀ ကို ပထမအရစ်ကျပ်  ၃၅ ဘီလျံ၊ ဒုတိယအရစ်ကျပ် ၃၅ ဘီလျံနှင့် တတိယအရစ် ကျပ်ဘီလျံ ၃၀ ကို အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည် ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးရေး ဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက် စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့်လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။