လုံခြုံမှု မရှိခြင်းနှင့် COVID အခက်အခဲကြောင့်ဟုဆိုကာ လှိုင်းဘွဲမြို့နယ်ရှိ မဲဆန္ဒနယ်အချို့ကို ပယ်ဖျက်ပေးရန် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့

လုံခြုံမှု မရှိခြင်းနှင့် COVID အခက်အခဲကြောင့်ဟုဆိုကာ လှိုင်းဘွဲမြို့နယ်ရှိ မဲဆန္ဒနယ်အချို့ကို ပယ်ဖျက်ပေးရန် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့
Published 14 October 2020
ဉာဏ်လင်းထွန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ရှိ မဲဆန္ဒနယ်အချို့ကို ပယ်ဖျက်ရုပ်သိမ်းရန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပေးပို့သည့် အကြောင်းကြားစာကို စက်တင်ဘာ ၁၃ ရက်က လက်ခံရရှိ ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က The Daily Eleven သတင်းစာကို အောက်တိုဘာ ၁၄ ရက်တွင် အတည်ပြုပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းအချို့ရှိခြင်းကြောင့် လုံခြုံစိတ်ချမှု မရှိခြင်း၊ COVID ရောဂါကြောင့် အချို့ ကျေးရွာများသို့ ကွင်းဆင်းရန် ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲခြင်းတို့ကြောင့် လှိုင်းဘွဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွင်းရှိ ကျေးရွာအုပ်စု ခုနစ်အုပ်စုကို ပယ်ဖျက်ရုပ်သိမ်းပေးရန် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အောက်တိုဘာ ၁၂ ရက်နေ့စွဲဖြင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ အကြောင်းကြားခြင်းဖြစ်သည်။

အထက်ဖော်ပြပါ အကြောင်းအရာများဖြင့်ပင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခုနစ်အုပ်စု ပါဝင်သော မဲဆန္ဒနယ်မြေများကို ပယ်ဖျက်ပေးရန် လှိုင်းဘွဲမြို့နယ် NLD ပါတီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြတောင်းဆိုမှုရှိခဲ့ပြီး ယခုပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ထပ်မံအကြောင်းကြားခြင်းဖြစ်​သည်ဟု ဦးကျော်ဝင်းမောင်က ပြောကြားသည်။

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပယ်ဖျက်ပေးရန် အကြောင်းကြားစာတွင် ဖော်ပြပါရှိသည့် ကျေးရွာအုပ်စုများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ထည့်သွင်း မကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကျင်းပနိုင်သည့် အခြေအနေရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက အတည်ပြုထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ အဲတုန်းက သက်ဆိုင်ရာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လှိုင်းဘွဲမြို့နယ်မှာ စာတင်တာပေါ့။ အလားတူ ကျေးရွာတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ပယ်ဖျက်ပေးဖို့ဆိုပြီး တင်တာရှိပါတယ်။ အဲဒါနဲ့ပက်သက်ပြီးတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို မေးတဲ့အခါကျတော့ သူတို့က နဂိုတည်းက ရွေးကောက်ပွဲလုပ်နိုင်တယ်လို့ အတည်ပြုထားပြီးသား ဖြစ်နေတယ်။ ကျွန်တော်တို့ဆီကတော့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ စောချစ်ခင်က တင်တာလေ။ အခု ပြည်နယ်ကော်မရှင်ကို ထပ်တင်လာတဲ့အပေါ် ပြည်နယ်ကော်မရှင်က အရေးယူဆောင်ရွက်မှု လုပ်နေတယ်။ သက်ဆိုင်ရာနယ်မြေကို ပြန်ပြီးတော့မှ ဖော်ပြထားတဲ့ မဲစာရင်းကပ်ထားတဲ့ အခြေအနေတို့ မဲဆွယ်စည်းရုံးရေး လုပ်တဲ့အခြေအနေတို့ ဒီအခြေအနေတွေမှာ ရွေးကောက်ပွဲကို ထိခိုက်နိုင်တဲ့ ဖြစ်စဉ်မျိုး ရှိ၊ မရှိ ပြန်ပြီးတော့ စိစစ်ခိုင်းထား တယ်” ဟု ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောကြားသည်။

လှိုင်းဘွဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွင်းရှိ ရေတံခွန်ကျေးရွာအုပ်စု၊ တာလယ်ကျေးရွာအုပ်စု၊ ဝင်းစောကျေးရွာအုပ်စု၊ မဲလရောကျေးရွာအုပ်စု၊ သမိုကျေးရွာအုပ်စု၊ မိကြောင်ကျေးရွာအုပ်စု၊ ရင်းဘိုင်ကျေးရွာအုပ်စုတို့ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ တင်ပြချက်အရ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေမှ ပယ်ဖျက်ပေးရန်ဟူ၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် (၂) တွင် NLD ပါတီမှ ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး လာမည့်ရွေးကောက်ပွဲကို ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ ကိုယ်စားပြု ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကျေးရွာအုပ်စု ခုနစ်အုပ်စုကို မဲဆန္ဒနယ်မြေမှ ပယ်ဖျက်ရန် အကြောင်းကြားစာပေးပို့မှုနှင့် ပက်သက်၍ ဦးစောချစ်ခင်ကို အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။

လှိုင်းဘွဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ပါ ကျေးရွာအုပ်စုအချို့တွင် တပ်မတော်လက်အောက်ခံ BGF တပ်နှင့် NCA ရေးထိုးထားသည့် KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှိရာ လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရှိခြင်းကြောင့် လုံခြုံစိတ်ချမှုမရှိဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ အကြောင်းပြချက်သည် အဆိုပါအဖွဲ့အစည်းများကို အယုံအကြည်ကင်းမဲ့သည့် သဘောဟု ယူဆပြီး COVID ကြောင့် ကျေးရွာအချို့တွင် မဲဆွယ်စည်းရုံးရေး ခက်ခဲသော်လည်း ညှိနှိုင်း၍ စည်းရုံးဟောပြောနိုင်ကြောင်း လှိုင်းဘွဲမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ယှဉ်ပြိုင်မည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

“ ကိုယ်စားလှယ်အချို့ဆိုတာ ကျွန်တော်တို့ KNDP က ကိုယ်စားလှယ်တွေတော့ မပါဘူး။ ကိုယ်စားလှယ်အချို့က သွားရေးလာရေး ခက်ခဲတယ်။ ဒါကို ပိတ်ပြစ်တယ်ချင်တယ်ဆိုတဲ့ သဘောထားက သူ လုံးပြီးတော့ ပြောလိုက်တဲ့ သဘောပဲ။ တစ်ခြားပါတီက ကိုယ်စားလှယ်လောင်းတွေ ဆန္ဒ ဘယ်လိုရှိလဲတော့ မသိဘူး။ ကိုယ်စားလှယ်အချို့ဆိုတာ သူတစ်ယောက်တည်း ဖြစ်ချင်လည်း ဖြစ်မယ်။ သူ့ပါတီက လူတွေလည်း ဖြစ်ချင်လည်း ဖြစ်မယ်။ သူကိုယ်တိုင်လည်း ရွေးကောက်ပွဲဝင်မဲ့သူပဲလေ။ ဆိုတဲ့ အခါကျတော့ လုံးပြီးတော့ ကိုယ်စားလှယ်လောင်းများက အဲ့လိုဖြစ်စေချင်တယ်ဆိုတာတော့ သဘာဝ မကျဘူးလို့ ပြောချင်တယ်” ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ကရင်ပြည်နယ်လွှတ်တော် လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် NLD ပါတီ၊ KNDP ပါတီ၊ USDP ပါတီ၊ UBP ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ငါးဦး ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဟု သိရသည်။

Most Read

Most Recent