ကိုဗစ်ကြောင့် ပျက်စီးသွားသည့် လုပ်ငန်းများ

ကိုဗစ်ကြောင့် ပျက်စီးသွားသည့် လုပ်ငန်းများ
Published 10 October 2020

COVID-19 ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်၍ CNN သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စီးပွားရေးနှင့်ပတ်သက်၍ “ပထမဆုံးက တချို့သောကဏ္ဍတွေအပေါ် တိုက်ရိုက် ရိုက်ခတ်ချက် ရှိတာပါ။ ဥပမာအနေနဲ့ လေကြောင်း လုပ်ငန်းသေပြီ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း သေပြီ၊ ဒါတွေနဲ့ဆက်စပ်နေတဲ့ ခရီးသွားလုပ်ငန်းအားလုံး သေပြီ။ ဟိုတယ်တွေလည်း အထိုက်အလျောက် အကျပ်တွေ့နေပြီ။ အလျင်အမြန် ထွက်ခွာသွားမှာမဟုတ်တဲ့ ရိုက်ခတ်ချက်မျိုးပါပဲ။ ဒုတိယအနေနဲ့ တခြားနိုင်ငံတွေက အပြည့်အဝ အလုပ်မလုပ်နိုင်ဘဲ စီးပွားရေး Lockdown ချခံထားရတာမို့ ထောက်ပံ့ရေး လမ်းကြောင်းတွေ မဝင်တာကြောင့် ထောက်ပံ့ရေးလမ်းကြောင်းကွန်ရက် ပြတ်တောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေလည်း ထိခိုက်ပါတယ်။ ကျန်တဲ့စီးပွားရေးမှာလည်း ကျယ်ပြန့်တဲ့ အခြေခံသက်ရောက်မှု ဖြစ်ပေါ်တာပါပဲ။ အဲဒီနောက် ခင်ဗျားကိုယ့်ကိုယ်ကိုယ် ပြန်အလုပ်ခန့်ထားတဲ့၊ ရေတို ဒါမှမဟုတ် ယာယီကန်ထရိုက်နဲ့သာ အလုပ်ခန့်နိုင်တဲ့ စီးပွားရေးကို ရလိုက်ပါပြီ။ ဖျော်ဖြေရေးအပေါ် အမှီပြုတဲ့လူတွေ၊ ပုံမှန်လူမှုကိစ္စတွေအပေါ် အမှီပြုတဲ့လူတွေ၊ နေ့စားလုပ်ကိုင်ရသူတွေ၊ အဲဒီအလုပ်တွေအားလုံး အငွေ့ပြန်ပျောက်ကွယ်သွားပါပြီ။ လူတွေအနေနဲ့ သူတို့ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့၊ ပုံမှန်လူမှုကိစ္စတွေ၊ ပုံမှန်ခရီးသွားလာမှုတွေ၊ ပုံမှန်လူသားဆက်ဆံရေးတွေ ပြန်လည်ထိန်းသိမ်းနိုင်ပြီလို့ ယုံကြည်မှုရရှိသွားတဲ့ အချိန်မျိုးအထိ ပြန်လည်ထောင်မတ်လာဖို့ ကျွန်တော် မမြင်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုထိတော့ ဒီအတိုင်းသွားနေဦးမယ်လို့ ထင်ပါတယ်” ဟု ပြောကြားထားခဲ့သည်။ ယင်းသည် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ဖြစ်သည့် စင်ကာပူ၏ ဝန်ကြီးချုပ်က COVID-19 ရောဂါကူးစက်မှု ပထမလှိုင်းကာလအစောပိုင်းကတည်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုအခါ အရှေ့တောင်အာရှ၏ အခြားစီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ဖြစ်သည့် ထိုင်းနိုင်ငံ၏အနေအထားကိုလည်း အောက်ပါအတိုင်း ဆက်လက်တွေ့မြင်ရမည်ဖြစ်သည်။

“ ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများ ပျော်စံရာကျွန်းဖြစ်သည့် ဖူးခက်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခြောက်ကပ်လျက်ရှိပြီး အဖော်အချွတ်အကမယ်များမှာ ဧည့်သည်ကင်းမဲ့နေသည့် ဘားများတွင် ထိုင်၍ဖုန်းသုံးနေကြသည်။ ရေကူးကန်များတွင် ခြောက်ကပ်၍ စားသောက်ဆိုင်များတွင် ခုံများကို အဆင့်ဆင့်  စီထားပြီး ခရီးသွားများဖြင့် စည်ကားလှသည့် ကမ်းခြေများမှာ ယခုဆိုလျှင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိရာ ရှားပါးပင်လယ်လိပ်မျိုးစိတ်များ ၎င်းတို့၏ အသိုက်များ၌ ရှိနေပုံများကိုသာ မြင်တွေ့နေရသည်။ လွန်ခဲ့သည့်နှစ်က ဖူးခက်ကို အလည်အပတ် လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည့် ကိုးသန်းကျော် ရှိပြီး ထိုင်းတွင် ဘန်ကောက်မြို့တော်ပြီးနောက် ဖူးခက်သည် ဒုတိယမြောက် ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု အများဆုံး အထင်ကရနေရာ ဖြစ်သည်”။

ယခုအခါ ဖူးခက်ကျွန်းပေါ်ရှိ ဟိုတယ် သုံးထောင်စလုံး ပိတ်ထားပြီး ကျွန်း၏ အဓိကမြို့ဖြစ်သည့် ပါတောင်မြို့သည် တစ္ဆေမြို့အလား ခြောက်ကပ်နေသည်။ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃,၆၀၀ နီးပါးနှင့် သေဆုံးသူ ၅၉ ဦးသာ ရှိသည့်အတွက် ကမ္ဘာတစ်ဝန်း ကူးစက်မှုများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်းနေသည်။ သို့သော် ဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရေးကိုသာ ရှေးရှုဆောင်ရွက်ရန်ဟူသည့် အစိုးရ၏ဆုံးဖြတ်ချက်ကြောင့် ယခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးမှာ ခုနှစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး လူပေါင်း သန်းချီ အလုပ်လက်မဲ့ဖြစ်ခဲ့ကြသည်။ ပုံမှန်အားဖြင့် ကျွန်း၏အမြတ်ငွေများမှ ၈၀ ရာခိုင်နှုန်းမှာ ခရီးသွားကဏ္ဍမှ ရရှိပြီး ယင်းကဏ္ဍတွင် ဝန်ထမ်းပေါင်း သုံးသိန်းကျော် ရှိသည်။ ကပ်ရောဂါမတိုင်မီက ဖူးခက်ကို ပြည်တွင်းလာရောက် လည်ပတ်သူ ရာခိုင်နှုန်း ၃၀ အထိ ရှိခဲ့သည်။

ကပ်ရောဂါကြောင့် ခရီးသွားကဏ္ဍမှ လူပေါင်းသောင်းချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပြီး သက်ဆိုင်ရာ နေရပ်များသို့ ပြန်ခဲ့ကြသည်။ အချို့အလုပ်သမားများမှာ လုပ်ခလစာ ဖြတ်တောက်ခံရမှုများ ရှိသကဲ့သို့ အချို့မှာမူ အစားအစာပို့ဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်ရရှိရန် စောင့်ဆိုင်းကြသူများဖြစ်ပြီး ရရာအလုပ် ဝင်လုပ်၍ ပိုက်ဆံ ခြစ်ကုတ်ရှာကြသူများလည်း ရှိသည်။ ဧပြီလမှစတင်၍ ထိုင်းနိုင်ငံ၏ ပထမဆုံးပြည်ပ ခရီးသွားဧည့်သည်များ လာရောက်မှုကို ကြိုဆိုရန် ဖူးခက်က ပြင်ဆင်ထားသော်လည်း ၎င်းတို့၏ လာရောက်မှုများကို ရွှေ့ဆိုင်းခဲ့သည်။ အထူးဗီဇာထုတ်ပေးမှု အပါအဝင် လုပ်ငန်းစဉ်များ နှောင့်နှေးခဲ့သည်ဟု ထိုင်းခရီးသွားကဏ္ဍအာဏာပိုင်(TAT) ၏ အုပ်ချုပ်ရေးမှူး ယုသာဆက်ဆူပါဆွန်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။  စက်တင်ဘာလက ကာလရှည်နေထိုင်သည့် အထူးဗီဇာဖြင့် ခရီးသွား ၁၂၀ ခန့်သည် ကွမ်ကျိုးမြို့မှ ဖူးခက်ကမ်းခြေသို့ တစ်ပတ်အတွင်း လာရောက်မည်ဟု TAT က ထုတ်ပြန်ခဲ့သော်လည်း ယင်းခရီးစဉ်မှာ နှောင့်နှေးခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်းအပါအဝင် လုပ်ငန်းပေါင်းများစွာတို့မှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ဖြစ်သည်။ သို့သော် လုပ်ငန်းအများစု လုံးဝဥဿုံ ပျက်သုဉ်းမသွားရေးအတွက် တတ်နိုင်သမျှ ထောက်ပံ့ကူညီအားပေးရန် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိသည်။ COVID-19 ကပ်ရောဂါကာလအတွင်း နိုင်ငံအတွင်းရှိ လုပ်ငန်းအများစု ပျက်သုဉ်းပျောက်ကွယ်သွားမည်ဆိုပါက ကပ်ရောဂါကာလ ပြီးဆုံးသွားသည့်အခါ၌ပင်လျှင် နိုင်ငံ့စီးပွားရေး နာလန်ပြန်ထူနိုင်ရန် လွန်စွာခက်ခဲသွားလိမ့်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 အောက်တိုဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent