အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်မှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် သံဃာ ၄၀၅ ပါးအနက် ၃၅၀ ပါးနှင့် ကပ္ပိယသုံးဦး ရောဂါပိုးပျောက်ကင်း၍ ကျောင်းတိုက်သို့ ယနေ့ (အောက်တိုဘာ ၉ ရက်) တွင် ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း စာချနာယက ဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက ပြောကြားသည်။

COVID-19 ရောဂါပိုး ပျောက်ကင်း၍ ပြန်လည်ရောက်ရှိလာသည့် သံဃာများကို စာသင်တိုက်ရှိ သံဃာများနှင့် သီးခြားခွဲထားကြောင်း သိရသည်။
စာချနာယက ဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက “ဒီနေ့ သံဃာရော၊ လူရောဆိုရင် သံဃာ ၃၅၀ ပါးနဲ့ လူပုဂ္ဂိုလ် (ကပ္ပိယ) သုံးယောက် ကျောင်းကို ပြန်ရောက်လာပါတယ်။ ကျောင်းတိုက်မှာ ကျန်ခဲ့တာ သံဃာ ၁၂၀ ခန့် ကျန်ရှိပါတယ်။ အဲ့သံဃာတွေနဲ့ ပြန်လာတဲ့ သံဃာတွေကို သီးခြားခွဲထားပါတယ်” ဟု မိန့်ကြားခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၈ ရက်က Swab test ရယူခဲ့သည့် သံဃာများအနက် ၃၄ ပါး အဖြေတွေ့ရှိခဲ့ပြီး အောက်တိုဘာ ၉ ရက်အထိ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်မှ ရောဂါပိုးတွေ့သံဃာ စုစုပေါင်း ၄၀၅ ပါး ရှိကြောင်း အရှင်ဂန္ဓသာရာလင်္ကာရက ဆက်လက်မိန့်ကြားသည်။

“ပိုးတွေ့တာက အခုချိန်ထိတော့ ၄၀၅ ပါးရှိပါတယ် ဒကာကြီး။ မနေ့စစ်ပြီးတော့ ဒီနေ့အဖြေတွေ့တာက ၃၄ ပါး။ မှော်ဘီမှာ ကျန်ခဲ့တာက ၁၉ ပါး။ တွေ့တဲ့ သံဃာတွေကိုတော့ အင်းစိန် သာသနာ့ဗိမာန်ကို ပို့မယ်လို့ ကြားတယ်။ အတိအကျတော့ မသိသေးဘူး” အရှင်ဂန္ဓသာရာလင်္ကာရက မိန့်ကြားသည်။

အင်းစိန် ရွာမပရိယတ္တိ စာသင်တိုက်မှ သံဃာ လေးပါးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးအောင်က စက်တင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။
အင်းစိန် ရွာမပရိယတ္တိ စာသင်တိုက်တွင် သံဃာစုစုပေါင်း ၅၃၂ ပါး၊ ကျောင်းသားနှင့် ဝေယျဝစ္စဆောင်ရွက်သူ ကပ္ပိယ ၅၅ ဦးရှိကြောင်း သိရသည်။

ရောဂါပိုး တွေ့ရှိခဲ့သည့် သံဃာတော်များကို ကျန်းမာရေး ဝန်ကြီးဌာနှင့် တပ်မတော်က ပူးပေါင်းဆောင်ရွက်ကာ ကုသပေးခဲ့ပြီး အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရား အနီးရှိ သာသနာ့ဗိမာန်နှင့် မှော်ဘီမြို့နယ်ရှိ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းရှိ ကုသရေးစင်တာတို့တွင် စောင့်ကြည့်ကုသ ပေးနေကြောင်း သိရသည်။















