COVID-19 နှင့် ဆင်းရဲမွဲတေမှု

COVID-19 နှင့် ဆင်းရဲမွဲတေမှု
Published 8 October 2020

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးမှာ အကျဘက်သို့ ဦးတည်နေသဖြင့် ယခုနှစ်အတွင်း လူပေါင်း ၁၁၅ သန်းခန့်သည် အလွန်အမင်း ဆင်းရဲမွဲတေမည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၇ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ ဆင်းရဲမွဲတေမှုနှုန်း ကျဆင်းရန် အားထုတ်ကြိုးပမ်းမှုများမှာ ဆယ်စုနှစ်ပေါင်းများစွာကြာ တိုးတက်မှုများ ရရှိခဲ့ပြီးနောက် ယခုထွက်ပေါ်လာသည့် ဆင်းရဲမွဲတေမှုနှုန်း ခန့်မှန်းချက်သည် ယခင်ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်အရ ကပ်ရောဂါကြောင့် အလွန်အမင်း ဆင်းရဲမွဲတေ သွားနိုင်သည့် လူဦးရေသည် သန်း ၁၀၀ ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင်၂၀၂၁ ခုနှစ် အတွက် အလွန်အမင်း ဆင်းရဲမွဲတေနိုင်သည့် လူဦးရေမှာ သန်း ၁၅၀ အထိ ရှိနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။ အလွန်အမင်း ဆင်းရဲမွဲတေမှု ဆိုသည်မှာ တစ်ရက် ဝင်ငွေ  ၁ ဒသမ ၉၀ ဒေါ်လာအောက် ရှိခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ကပ်ရောဂါနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတွေကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းဟာ အလွန်အမင်း ဆင်းရဲမွဲတေသွားနိုင်တဲ့ အခြေအနေကို ရောက်ရှိ နိုင်ပါတယ်” ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မဲလ်ပက်စ်က ပြောကြားခဲ့သည်။ အကယ်၍ ကပ်ရောဂါ ဖြစ်ပွားခြင်း မရှိခဲ့လျှင် အလွန်အမင်း ဆင်းရဲမွဲတွေမှုနှုန်းသည် ၇ ဒသမ ၉ ရာ ခိုင်နှုန်းအထိ ကျဆင်းသွားဖွယ် ရှိသော်လည်း ယခုတွင်မူ ၉ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်များ၏ ပြောကြားချက်အရ ယခုနှစ်အတွင်း ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားရမည့် ခန့်မှန်းခြေ လူဦးရေသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာအပေါ် မူတည်ပြီး ၁၁ သန်းမှ ၁၁၅ သန်းအထိ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ ဖြစ်လာခဲ့လျှင် အလွန်အမင်း ဆင်းရဲမွဲတေမှု လျှော့ချရာတွင် နှစ်ပေါင်းများစွာကြာ ရရှိခဲ့သည့် အောင်မြင်မှုများကို ဆုတ်ယုတ်သွားစေနိုင်ပြီး စီးပွားရေး အကျပ်အတည်းများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာဒေသများတွင် ဆင်းရဲမွဲတေမှုများ နှစ်ဆပို၍ ခံရနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သတိပေးခဲ့သည်။ ဆင်းရဲမွဲတေစွာ နေထိုင်ရသူ စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ ကျော်မှာ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် နေရာဒေသများတွင် နေထိုင်သူများ ဖြစ်ကြသည်။

အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်းသည် မြို့ပြဒေသများတွင်လည်း မြင့်တက်လာနိုင်သဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူများအတွက် ရည်ရွယ်ထားသည့် လက်ရှိ ထောက်ပံ့ရေး အစီအစဉ်များကို ခြိမ်းခြောက်ရာ ရောက်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ပဋိပက္ခနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖိအားများအပြင် COVID-19 ကပ်ရောဂါဂယက်ကို လျင်မြန်ပြီး ခိုင်မာသည့် မူဝါဒချမှတ် လုပ်ဆောင်မှု မရှိလျှင် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး ရည်မှန်းချက်သည် မျှော်မှန်းထားသည်ထက် ပိုမိုဝေးကွာ သွားနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုနှုန်းသည် လာမည့် ဆယ်စုနှစ်တွင် ခုနစ်ရာခိုင်နှုန်းခန့် ရှိနိုင်သည်ဟု သတိပေးခဲ့သည်။

၎င်းအပြင် ဘက်ပေါင်းစုံ၌ ဆင်းရဲမွဲတေလျက်ရှိသော ကလေးများ အရေအတွက်သည် COVID-19 ကပ်ရောဂါကြောင့် ၁ ဒသမ ၂ ဘီလျံအထိ မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် UNICEF နှင့် Save The Children အဖွဲ့တို့၏ သုံးသပ်ချက်အရ သိရသည်။ ယင်းသည် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်သာ ရှိသည့် နိုင်ငံများတွင် နေထိုင်နေရသည့် ကလေးများ အရေအတွက် ၁၅ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ပြီး ယခုနှစ်အစောပိုင်း၌ ကပ်ရောဂါ နှိပ်စက်ပြီးနောက်ပိုင်း ဆင်းရဲမွဲတေသည့် ကလေးများ အရေအတွက် နောက်ထပ် သန်း ၁၅၀ တိုးလာခြင်းလည်းဖြစ်သည်။ ယခု လေ့လာချက်သည် နိုင်ငံပေါင်း ၇၀ မှ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ရာ၊ အဟာရ၊ သန့်ရှင်းရေးနှင့် ရေရရှိမှုတို့အား လေ့လာထားသည့် အချက်အလက်များကို အသုံးပြုကာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုကို သုံးသပ်ထားခြင်း ဖြစ်သည်။ ကပ်ရောဂါ မတိုင်မီကထက်စာလျှင် ဖော်ပြပါ အခြေခံ လိုအပ်ချက်များထဲမှ အနည်းဆုံးတစ်ခု ပျောက်ဆုံးသွားသည့် ကလေးအရေအတွက်သည် ၄၅ ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရှိရသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ကပ်ရောဂါဂယက်ကို တုံ့ပြန်ရန် လျင်မြန်ပြီး ခိုင်မာသည့် မူဝါဒများကို ထိထိရောက်ရောက် ချမှတ်လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent