ကိုဗစ်နှင့် စားဝတ်နေရေးအကျပ်အတည်း

ကိုဗစ်နှင့် စားဝတ်နေရေးအကျပ်အတည်း
Published 7 October 2020

ကိုဗစ်သည် ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် ကူးစက်ပျံ့နှံ့မှုလှိုင်းများ ရပ်တန့်မှုမရှိဘဲ နိုင်ငံအနှံ့အပြားတွင် ပြည်သူများကို ခြိမ်းခြောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှုအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ နေ့စဉ်နှင့်အမျှ ရောဂါပိုးကူးစက်ခံရသူနှုန်းနှင့် သေဆုံးနှုန်းမြင့်တက်လျက်ရှိသည်။ သေချာသည်က ကမ္ဘာနှင့်အဝှမ်း ကိုဗစ်ကာကွယ်ဆေးမဖြန့်နိုင်မီအချိန်ထိ မြန်မာအပါအဝင်တစ် ကမ္ဘာလုံး ကိုဗစ်ကပ်ဘေးအပြင် စီးပွားရေး၊ စားဝတ်နေရေးဆုတ်ယုတ်မှုတို့မှ နာလန်ထူ လွတ်မြောက်နိုင်ရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားရုန်းကန်ကြရပေလိမ့်မည်။ မြန်မာတွင် ရောဂါပိုးပျံ့နှံ့မှု အမြင့်ဆုံးနှင့် စိုးရိမ်စရာအခြေအနေဖြစ်နေသည့် ရန်ကုန်မြို့တွင် ရောဂါထိန်းချုပ်နိုင်ရန် တင်းကျပ်သော Stay at Home ကာလ နှစ်ပတ်ခန့်ကြာမြင့်သော်လည်း ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ ထို့ပြင် အခြားတစ်ဖက်တွင်လည်း ကိုဗစ်နှင့်ပတ်သက်၍ အစီအမံများအပေါ် အခြေခံလူတန်းစားများက ဝေဖန်မှုများလည်း ရှိလာသည်။ ထိုအချင်းအရာကို ကြည့်လျှင် ကိုဗစ်မပြန့်ပွားရေး အရေးကြီးသကဲ့သို့ ယင်းလုပ်ငန်းစဉ် ရှည်ကြာလာသည်နှင့်အမျှ လူထု၏စားဝတ်နေရေးအကျပ်အတည်းအပေါ် သက်ရောက်မှုသည်လည်း ကြီးလာနိုင်သည်မှာလည်း အမှန်ပင်ဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတကာတွင်လည်း ကိုဗစ်ထိန်းချုပ်တားဆီးရေးလုပ်ငန်းစဉ်တွင် ပြည်သူတို့၏ လူမှုစီးပွားဖြစ်လာနိုင်ခြေများကိုပါ ထည့်သွင်းတွက်ချက်၍ ကြိုတင်စီမံလုပ်ဆောင်ကြခြင်းဖြစ်သည်။

Lockdown ကဲ့သို့ ရောဂါထိန်းချုပ်ဆိုင်ရာ အစီအမံနှင့်ပတ်သက်၍ ရည်မှန်းချက်သည် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ရန်ဖြစ်သည်။ လိုအပ်၍ လုပ်ရသည့်အခါ တာဝန်ရှိသူများအနေဖြင့် ဖြစ်နိုင်သည့်အန္တရာယ်များနှင့် လူအုပ်အတွင်းပျံ့နှံ့မှုတို့ကို တွက်ချက်သုံးသပ်ကာ ဘေးကင်းလုံခြုံမှုရှိပါက တစ်ဆင့်ချင်း ပြန်လည်လျှော့ချ​ပေးရသည်။ ထို့သို့လုပ်ဆောင်ရခြင်းမှာ လူမှုစီးပွားဒုက္ခများအပေါ် ရိုက်ခတ်မှုလျှော့ချနိုင်ရေးအတွက်လည်းဖြစ်သည်။ ရောဂါခြေချုပ်ချထားခြင်း တစ်နည်းအားဖြင့် ရောဂါထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ငြင်းဆန်သူများကို လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဥပဒေစည်းကမ်းများချမှတ်ရသကဲ့သို့ လူထုအတွက် အခြားသောဖိစီးမှုများ မဖြစ်စေရေးအတွက်လည်း အာဏာပိုင်များက ကြိုတင်တွက်ချက်ဆောင်ရွက်ပေးရန် တာဝန်ရှိခြင်းဖြစ်သည်။ ​ကန့်သတ်ချက်များအပေါ် ခြွင်းချက်များထားပေးရသည်။ Lockdown ကာလတွင်ပင် စူပါမားကက်များနှင့် ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထားရှိရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးတို့အတွက် ပူပင်ကြောင့်ကြမှု မရှိရအောင် ဆောင်ရွက်ပေးရန် အစိုးရက တာဝန်ယူတာဝန်ခံရမည် ဖြစ်သည်။ အဆိုပါစူပါမားကက်များ ဘေးကင်းလုံခြုံမှုကို ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေး တပ်ဖွဲ့များက စောင့်ရှောက်ပေးရန်လို အပ်ပြန်သည်။ ဆရာဝန်များ၊ ဆေးဝါးပညာရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ဆက်လက်အလုပ်လုပ်ကိုင်ရန် လိုအပ်သောကြောင့် ဆေးရုံများနှင့် ဆေးခန်းများ ဆက်လက်ဖွင့်ထားရမည်ဖြစ်သည်။ အရေးပေါ်ဝန်ဆောင်များနှင့် အရေးကြီးသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ကို ဆက်လက်လုပ်ကိုင်ခွင့် ပြုရမည်ဖြစ်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ပြီး ပြည်သူတို့အတွက် မရှိမဖြစ် ဝန်ဆောင်မှုအားလုံးကို ခွင့်ပြုထားရမည်ဖြစ်သည်။ ရေဒီယို၊ ရုပ်သံ၊ သတင်းစာအစရှိသည့် မီဒီယာများအားလုံးသည် ပြည်သူများအား အရေးကြီးသည့် သတင်းအချက်အလက်များ၊ လက်တွေ့ကျသော အကြံဉာဏ်များနှင့် သုံးသပ်ချက်များ ပေးရမည်ဖြစ်သောကြောင့် မရှိမဖြစ်ဝန်ဆောင်များ၌ ပါဝင်ပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုထားရမည် ဖြစ်သည်။ နိုင်ငံတကာတွင်လည်း အာဏာပိုင်အဖွဲ့အစည်းများက ကိုဗစ်ထိန်းချုပ်မှုဆောင်ရွက်ရေး၌ ထိုအချင်းအရာတို့အပေါ် တာဝန်ယူ၍ စေ့စပ်သေချာစွာ လုပ်ဆောင်ပေးလေ့ရှိသည်။

မည်သို့ပင်ဆိုစေ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရာ၌ ကန့်သတ်ချက်စည်းမျဉ်းများနှင့်အတူ လူထု၏ စားဝတ်နေရေးအပေါ် သက်ရောက်နိုင်မှုအားလည်း မလွဲမသွေ ထည့်သွင်းတွက်ချက်ထားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ကိုဗစ်တိုက်ဖျက်ရေးသည် တာတိုအပြေးပြိုင်ပွဲကဲ့သို့ မဟုတ်ဘဲ ရှေရှည်သက်ရောက်နိုင်သောကြောင့် ဖြစ်ပေသည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရလည်း လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်းဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းအောက်၌ နေထိုင်နေရသည့် မြန်မာနိုင်ငံအတွက် ပို၍ပင် ဂရုစိုက်ရမည့်အချက်ဖြစ်နေသည်။ ယင်းကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားကြရသည့် ဆင်းရဲသားပြည်သူများ၏ စားဝတ်နေရေးအပေါ် ရေရှည်အတွက် ထည့်သွင်းစဉ်းစား၍ ​ မူဝါဒချမှတ်သူများအနေဖြင့် တာဝန်ယူ တာဝန်ခံပေးရန်လည်း လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ အောက်တိုဘာ ၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent