လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာလုံလောက်စွာရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာလုံလောက်စွာရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- စီးပွား/ ကူးသန်း)
ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- စီးပွား/ ကူးသန်း)
Published 6 October 2020

လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာလုံလောက်စွာရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အောက်တိုဘာ ၅ ရက်က ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည်ဝင်/ ထွက်မှု အခြေအနေ၊ ကုန်စျေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေများနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးတို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် Video Conferencing စနစ်ဖြင့် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ အခြေခံရိက္ခာဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် စသည့်အခြေခံရိက္ခာလိုအပ်ချက်များကို သုံးသပ်တွက်ချက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ကုန်သည်အသင်းအဖွဲ့များ၏ လက်ဝယ်တွင်အခြေခံရိက္ခာ ပြည့်စုံစွာရှိသည့်အတွက် လက်ရှိ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာပြည့်စုံလုံလောက်စွာ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှု မရှိစေလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသို့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကုန်စည်များ ဝင်ရောက်သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးမှလည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကုန်စည်များ ဖြန့်ဖြူးလျက်ရှိကြောင်း၊ လုပ်ငန်းများဆိုင်ရာ များပြားသည့်အတွက် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိသော်လည်း အမြန်ဆုံးညှိနှိုင်းပူးပေါင်း ဖြေရှင်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကုန်စည်စီးဆင်းမှု မှန်ကန်ရေး၊ ကုန်စည် မပြတ်လပ်စေရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် အခက်အခဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြည်သူများအား နေအိမ်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက် နှစ်ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာခြောက်သာမက ရိက္ခာအစိုများ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

COVID-19 ပထမလှိုင်းကာလ၌ ရိက္ခာဖြန့်ဝေမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါပြန့်ပွားမှု များပြားနေခြင်း၊ လုပ်အားပေးခက်ခဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူအများစိုးရိမ်ကြောင့်ကြမှု ဖြစ်နေကြောင်း၊ လိုအပ်၍ ရန်ကုန်မြို့တွင် ပြည်သူများအား မိမိနေထိုင်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက် နှစ်ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာဖြန့်ဖြူးပေးနိုင်ရေးနှင့် ရိက္ခာခြောက်သာမက ရိက္ခာအစိုများ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

COVID-19 ရောဂါကူးစက်မှုများ ရှိနေချိန်တွင် ပြည်တွင်းရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီများကို ကျပ် ၃၈ ဘီလျံအသုံးပြုကာ နိုင်ငံတော်အစိုးရက အရန်ရိက္ခာအဖြစ် ဝယ်ယူခဲ့ကြောင်းနှင့် အရန်ဆန်အတွက် ဆန်တန်ချိန် ၅၀၀၀၀ နှင့် ဆီတန်ချိန် ၁၂၀၀၀ တို့ ဝယ်ယူခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent