COVID-19 သက်ရောက်နေမှုကြောင့် လယ်ယာသားငါးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်း၊ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများကို ပြည်တွင်း၌အလုပ်အကိုင်ရရှိရေးအတွက် ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် ဆောင်ရွက်မည်

COVID-19 သက်ရောက်နေမှုကြောင့် လယ်ယာသားငါးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်း၊ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများကို ပြည်တွင်း၌အလုပ်အကိုင်ရရှိရေးအတွက် ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် ဆောင်ရွက်မည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဌေးလှအောင်)
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဌေးလှအောင်)
Published 6 October 2020

COVID-19 သက်ရောက်မှုများကြောင့် လယ်ယာသားငါးကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းများ၊ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများကို ပြည်တွင်းအလုပ်အကိုင်ရရှိရေးအတွက် ဦးစားပေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ကိုဗစ်ဖြစ်လာတဲ့အချိန်မှာ ချထားတဲ့အရေးပေါ်ပေါ့၊ CERP အစီအစဉ် မတိုင်ခင်လေးမှာ ထုတ်ပြန်ထားချက်ရှိပါတယ်။ လယ်ယာသားငါး လုပ်ငန်းတွေ၊ နောက်ပြီး စက်မှုဇုန်လုပ်ငန်းတွေ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေ ကျန်းမာရေးလုပ်ငန်းတွေဆိုပြီး လေးချက်ပေါ့။ အဲဒါကိုကြည့်ရင် သိနိုင်ပါတယ်။ စက်မှုဇုန်လုပ်ငန်းတွေ ဖော်ဆောင်တယ်ဆိုတာ အလုပ်အကိုင်ရရှိဖို့လို့ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ လာမယ့်နှစ်မှာလည်း အလုပ်အကိုင်ရရှိရေးကို ဖော်ဆောင်သွားဖို့ ဦးတည်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ MIPP ကို Review လုပ်မယ့်အချက်ရယ် ကိုဗစ်ဖြစ်လာတဲ့အချိန်မှာထားတဲ ့တားဂတ် လေးခုရယ်၊ နောက်ဆုံး အချက်ကိုကြည့်ရင် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများကိုလည်း ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုမူတည်ပြီးတော့မှ ရနိုင်သမျှ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်သားအခြေပြုလုပ်ငန်းကို ၂၀၁၂ ခုနှစ်ခန့်တွင် အီးယူ၏ EBA (Everything But Arms) မူဝါဒအရ CMP အထည်ချုပ်လုပ်ငန်းများကို တိုးမြှင့်လုပ်ကိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏အခြေအနေအရ လုပ်သားများ အလုပ်အကိုင်ရရှိရေးကို ဦးတည်ဆောင်ရွက်နေသည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ကြောင့် ပြည်ပမှ ကုန်ကြမ်းပေးကုန်ချောယူ ဆောင်ရွက်နေရသည့် အထည်ချုပ်လုပ်ငန်းများတွင် ထိခိုက်များစွာဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ CERP အရဖြစ်စေ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် အလုပ်အကိုင်ရရှိရေးအတွက် စက်မှုဇုန်များ ဖော်ဆောင်ရေးကိုဦးတည်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန်ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် ပြည့်မီခြင်းမရှိဘဲ လျော့ကျခဲ့ကြောင်း အောက်တိုဘာ ၂ ရက်က Zoom Meeting ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၅ ဒသမ ၈ ဘီလျံရရှိရန် လျာထားခဲ့သော်လည်း ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျံသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ အမှန်အတိုင်းပြောရင် ဒီနှစ်ထဲမှာလည်း တာဂတ်ကိုပြည့်မီဖို့လို့ပဲဖြစ်ပါတယ်။ သို့သော်လည်း COVID-19 ဖြစ်ပွားနေတဲ့ အခြေအနေအရ ရင်းနှီးမြှုပ်နှံသူများက သွားရလာရ ကန့်သတ်ချက်ရှိခြင်း၊ သက်ဆိုင်ရာ နယ်မြေဆင်းပြီးတော့မှ လုပ်ဆောင်ရာမှာ ကန့်သတ်ချက်ရှိခြင်း ထို့အတူပဲ ရန်ကုန်နဲ့ နေပြည်တော် များသောအားဖြင့် နေပြည်တော်မှာအစိုးရရုံးစိုက်တာဖြစ်တဲ့အတွက် အသွားအလာအခက်အခဲများ ရှိတာဖြစ်တဲ့အတွက် အချို့လုပ်ငန်းတွေဟာ ဝင်ရောက်ဖို့လို့ အစီအစဉ်ရှိပေမဲ့ မဝင်ရောက်သေးတာပဲ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံ ဝင်ရောက်ခဲ့သည်။ ၂၀၃ဝခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည်။

Most Read

Most Recent