အံ့အားသင့်စရာရလဒ်နဲ့ ဂိုးပြတ်ရှုံးတဲ့ လီဗာပူးလ်

အံ့အားသင့်စရာရလဒ်နဲ့ ဂိုးပြတ်ရှုံးတဲ့ လီဗာပူးလ်
Published 5 October 2020

အက်စတွန်ဗီလာ ၇-၂ လီဗာပူးလ်

ဒီရာသီအနေနဲ့ရော၊ နောက်ဆုံး (၁၀)စုနှစ်တစ်ခုအတွင်းလောက်မှာရော အ့ံသြဖို့အကောင်းဆုံး၊ တုန်လှုပ်စရာအကောင်းဆုံး ပွဲရလဒ်တစ်ခု ဖြစ်ခဲ့တယ်။ ပုံမှန်အားဖြင့် တစ်ပွဲတစ်ဂိုးနှုန်းတောင် ပေးဖို့မလွယ်တဲ့ လီဗာပူးလ်က မနှစ်က တန်းဆင်း လုနီးနီးဖြစ်ခဲ့တဲ့ အက်စတွန်ဗီလာကို တစ်ပွဲတည်း (၇)ဂိုးပေးခဲ့ရတယ်ဆိုတာ ယုံနိုင်စရာမရှိတော့တဲ့အထိ အခြေအနေဆိုးခဲ့ပြီး ဒီရာသီ ဗန်ဒိုက်-ဂိုးမက်ဇ်တို့ကြားက အတွဲအဖက်က ပိုပြီးမေးခွန်းထုတ်စရာဖြစ်လာတယ်။

ဟန်ဒါဆန် မရှိခြင်းကလည်း ဒီလိုခံစစ်မှတ်တမ်းနဲ့ ဒီလိုပေးဂိုးတွေကို မြင်တွေ့ရစေတဲ့ အချက်လို့ ပြောရမယ်။ ဘာပဲဖြစ်ဖြစ် အက်စတွန်ဗီလာကို တစ်ပွဲတည်း (၇)ဂိုးပေးခဲ့ရခြင်းက လီဗာပူးလ်နဲ့ ကလော့ပ်အတွက်တော့ အမည်းစက်တစ်ခုပါပဲ။ အက်စတွန်ဗီလာက ဒီပွဲအပါအဝင် ဒီရာသီမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး Very Smart, Very Intelligent ဖြစ်တဲ့ ပုံစံကို ပြသခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ ကစားခဲ့ပြီး တိုက်စစ်မှူးသစ် ဝက်ကင်စ်ရဲ့ ပထမပိုင်းသွင်းဂိုးတွေက အက်စတွန်ဗီလာရဲ့ Remarkable Day အတွက် အရေးပါခဲ့တာကိုတွေ့ရတယ်။

လီဗာပူးလ်ဂိုးပေါက်မှာ အယ်လစ်ဆန် မကစားခဲ့တာ၊ ဟန်ဒါဆန် ကွင်းလယ်မှာ ရှိမနေတာတွေကြောင့်ဆိုတာလောက်နဲ့ မလုံလောက်တဲ့ပေးဂိုးတွေကို ပေးခဲ့ရတာဖြစ်ပြီး အရန်အဖြစ် ဝင်ကစားခဲ့တဲ့ အက်ဒရီယန်ရဲ့အမှားကနေစပြီး ပွဲပြီးတဲ့အထိ လီဗာပူးလ် ဟာ အလွန်ဆိုးရွားစွာကစားခဲ့တယ်။ ကိုယ်မြင်နေရတာကို ကိုယ်မယုံနိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့ပြီး ဝက်ကင်စ်၊ မက်ဂင်၊ ဂရီးလစ်ရှ်တို့က တခြားကမ္ဘာကလာတဲ့ ကစားသမားတွေလို ကစားပြီး လီဗာပူးလ်တစ်သင်းလုံးကို အလဲထိုးခဲ့တာဖြစ်တယ်။

လီဗာပူးလ် ဘယ်လောက်ညံ့ခဲ့သလဲဆိုတာ နည်းဗျူဟာပိုင်းအရ ပြောလို့မရတော့သလို၊ လူမစုံတာတွေ၊ ဘောလုံးမှာ ဒါမျိုးဖြစ်တတ်ပါတယ်ဆိုတာမျိုးတွေလည်း မလုံလောက်တဲ့ အခြေအနေပါပဲ။ အက်စတွန်ဗီလာအတွက်ဂိုးတွေကို ဝက်ကင်စ်က (၄၊ ၂၃၊ ၃၉)၊ ဂရီးလစ်ရှ်က (၆၆၊ ၇၅)၊ မက်ဂင်က (၃၅)နဲ့ ဘာကလေက (၅၅)မိနစ်တွေမှာ သွင်းခဲ့ပြီး လီဗာပူးလ်အတွက် ဆာလာက (၃၃၊ ၆၀) မိနစ်တွေမှာ သွင်းခဲ့ပါတယ်။

Most Read

Most Recent