ရာသီပိတ်ပွဲစဉ်တွင် အဆုံးအဖြတ်ပွဲများ ပါဝင်နေသောကြောင့် ၂၀၂၀ MNL ပြိုင်ပွဲ ချန်ပီယံဆုပေးပွဲကို ကွင်းနှစ်ကွင်းတွင်ကျင်းပနိုင်ရန် စီစဉ်ထား

ရာသီပိတ်ပွဲစဉ်တွင် အဆုံးအဖြတ်ပွဲများ ပါဝင်နေသောကြောင့် ၂၀၂၀ MNL ပြိုင်ပွဲ ချန်ပီယံဆုပေးပွဲကို ကွင်းနှစ်ကွင်းတွင်ကျင်းပနိုင်ရန် စီစဉ်ထား
Photos : MNL, Shan, Hantharwady, Ayeyawady
Photos : MNL, Shan, Hantharwady, Ayeyawady
Published 29 September 2020

၂၀၂၀ MNL ဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်ပွဲစဉ်များမှာ အဆုံးအဖြတ်ပွဲများဖြစ်နေသောကြောင့် ချန်ပီယံဆုပေးပွဲကို ကွင်းနှစ်ကွင်းတွင် တစ်ပြိုင်နက်ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အတည်ပြုပြောကြားသည်။

၂၀၂၀ ရာသီအတွက် ချန်ပီယံဆုစိန်ခေါ်နိုင်သည့် အသင်းများအကြား ရမှတ်ကွာဟမှု ကျဉ်းမြောင်းလျက်ရှိသောကြောင့် ဆုပေးပွဲကို ကွင်းနှစ်ကွင်း၌ တစ်ပြိုင်တည်းကျင်းပနိုင်ရန် စီစဉ်ထားပြီး ပွဲစဉ်ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဆုပေးပွဲကျင်းပနိုင်ရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

''ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ရှိကြတဲ့ပွဲစဉ်တွေကို စောင့်မျှော်ကြည့်ရှုရမှာပါ။ ဇယားထိပ်ပိုင်းမှာရှိနေတဲ့ အသင်းတွေရဲ့ ပြိုင်ဆိုင်မှုနဲ့အတူ နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ရမယ့်သဘောရှိပါတယ်။ ဒီနှစ် မှာ ဆုပေးပွဲပုံစံကို ပြောင်းလဲထားသလို ချန်ပီယံဆုအတွက်ကိုလည်း ကွင်းနှစ်ကွင်းမှာ ချီးမြှင့်နိုင်ဖို့ စီစဉ်ထားပါတယ်။ ဟံသာဝတီအသင်းနဲ့ ဧရာဝတီယူနိုက်တက်တို့ ရင်ဆိုင်ကြမယ့် သုဝဏ္ဏကွင်းမှာရော၊ ရှမ်းယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ ရင်ဆိုင်ကြမယ့် YUSC ကွင်းမှာရော ဆုပေးပွဲကျင်းပနိုင်ဖို့ စီစဉ်ထားပါတယ်။ ကွင်းနှစ်ကွင်းစလုံးမှာ ချန်ပီယံဆုပေးအပ်နိုင်ဖို့ရော တစ်ဦးချင်းဆုတံဆိပ်ချီးမြှင့်နိုင်ဖို့အတွက်ပါ အဆင်သင့်ပြင် ဆင်ထားပြီးဖြစ်ပါတယ်''ဟု MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားသည်။



 

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်ဇယားရပ်တည်မှုအရ နောက်ဆုံးလက်ကျန်တစ်ပွဲသာ ကျန်ရှိတော့ချိန်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက စုစုပေါင်း ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦး ဆောင်လျက်ရှိပြီး ဒုတိယနေရာတွင် ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၄၀ ဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၃၉ မှတ်ဖြင့်လည်းကောင်း အသီးသီးရပ်တည်လျက်ရှိသည်။ 

ထို့ကြောင့် ချန်ပီယံဖြစ်လာမည့်အသင်းအား နောက်ဆုံးပွဲစဉ်ပြီးဆုံးသည်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။ 

ထို့ပြင် ချန်ပီယံလမ်းကြောင်းပေါ်တွင်ရှိနေသည့် သုံးသင်းအနက် ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့မှာ နောက်ဆုံးပွဲစဉ်တွင် တွေ့ဆုံလျက်ရှိသောကြောင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အခွင့်အရေးအသုံးချနိုင်ရန် လိုအပ်နေသည်။ 

မြန်မာနေရှင်နယ်လိဂ်သည် ယခုနှစ်အတွက် ပထမမှ တတိယဆုအထိ ဆုကြေးချီးမြှင့်သွားမည်ဖြစ်ပြီး ပထမဆု ကျပ် သိန်း ၁၀၀၀၊ ဒုတိယဆု ကျပ်သိန်း ၇၅၀ နှင့် တတိယဆု ကျပ်သိန်း ၅၀၀ ပေးအပ်ချီးမြှင့် မည်ဖြစ်သည်။

Most Read

Most Recent