ရတနာပုံအသင်းကိုအနိုင်ယူပြီး ချန်ပီယံဆုကာကွယ်နိုင်မည်ဟုယုံကြည်ကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင် ပြောကြား

ရတနာပုံအသင်းကိုအနိုင်ယူပြီး ချန်ပီယံဆုကာကွယ်နိုင်မည်ဟုယုံကြည်ကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင် ပြောကြား
Photos : Shan United Facebook
Photos : Shan United Facebook
Published 29 September 2020

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရတနာပုံအသင်းအား အနိုင်ယူကာ ချန်ပီယံဆုကိုကာကွယ်နိုင်ရန် ယုံကြည်မှုအပြည့်ရှိကြောင်း နည်းပြချုပ် ဦးအောင်နိုင်က Eleven Sports သို့ ပြောကြားခဲ့သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ရာသီပြီးဆုံးရန် (၁)ပွဲအလိုတွင် စုစုပေါင်းရမှတ် (၄၁)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

''ကျွန်တော်တို့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရမယ့်အချိန် ဖြစ်ပါတယ်။ ချန်ပီယံဆုကိုကာကွယ်နိုင်ဖို့အတွက် ယုံကြည်မှုလည်း အပြည့်ရှိတယ်။ ဒါဟာ တစ်ဖက်အသင်းကို အထင်သေးပြီး ပြောခြင်းမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ပုံစံကောင်းကို ပြသနိုင်ခဲ့သလို၊ အသင်းသားအားလုံးကလည်း ညီညီညွတ်ညွတ်နဲ့ ကြိုးစားခဲ့ကြပါတယ်။ အခုဆိုရင် ချန်ပီယံလမ်းကြောင်းမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်သူ ဖြစ်နေပါပြီ။ ဒီအခြေအနေဟာ အကောင်းဆုံးမှာ ရှိနေပါတယ်။ ချန်ပီယံဆုအတွက်ဆိုရင် နောက်ဆုံးပွဲကို အနိုင်ကစားဖို့ကျန်ပါသေးတယ်။ ဒီပွဲမှာ အနိုင်ရဖို့အတွက်ဆိုရင် ပုံစံကောင်းပြဖို့လိုသလို၊ အနိုင်ဂိုးသွင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ရတနာပုံနဲ့ပွဲမှာ အနိုင်ကစားမယ်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမယ်၊ ချန်ပီယံဆုကာကွယ်မယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ လူစုံအသုံးပြုနိုင်တဲ့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်''ဟု ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင်က ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ချန်ပီယံဆုကာကွယ်နိုင်ရန်အတွက် အနိုင်ကစားရန် လိုအပ်နေသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိအချိန်တွင် ရမှတ် (၄၁)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာတွင် ဟံသာဝတီအသင်းက ရမှတ် (၄၀)ဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဧရာ ဝတီယူနိုက်တက်အသင်းက ရမှတ် (၃၉)မှတ်ဖြင့်လည်းကောင်း အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ 

အမှတ်ပေးဇယား ဒုတိယနေရာနှင့် တတိယနေရာတွင်ရှိသော ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်းတို့မှာ ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် တွေ့ဆုံနေသောကြောင့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အခွင့်အရေးရယူနိုင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ရာသီအစတွင် ရလဒ်ပိုင်း အနည်းငယ်ယိမ်းယိုင်ခဲ့သော်လည်း COVID-10 ကြောင့် ရပ်နားထားရသော ပွဲစဉ်များ ပြန်လည်စတင်ချိန်မှစ၍ နောက်ဆုံးကစားခဲ့သော Southern အသင်းနှင့်ပွဲစဉ်အထိ ရှုံးပွဲလုံးဝမရှိဘဲ (၁၀)ပွဲဆက်အနိုင်ရရှိထားသော အသင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် ချန်ပီယံဆုအတွက် ရေပန်းစားသောအသင်းလည်းဖြစ်သည်။

Most Read

Most Recent