ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တဲ့ လက်ရှိချန်ပီယံ

ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့တဲ့ လက်ရှိချန်ပီယံ
Published 29 September 2020

လီဗာပူးလ် ၃-၁ အာဆင်နယ်

နိုင်ပွဲဆက်နေတဲ့ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းရဲ့ ဆုံတွေ့မှုမှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ဂိုးပြတ်နိုင်ပွဲ ရယူပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပါတယ်။

လီဗာပူးလ်က အာဆင်နယ်ကို အဖက်ဖက်မှာ အသာစီးယူပြီး လွယ်လွယ်ကူကူ အနိုင်ယူသွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းမှာ ဟန်ဒါဆန်ကလွဲရင် လူစုံခဲ့သလို၊ အာဆင်နယ်အသင်းကလည်း အင်အားအပြည့်ပါပဲ။

ဒါပေမဲ့ ပွဲစတာနဲ့ လီဗာပူးလ်အသင်းက စိတ်ကြိုက်တိုက်စစ်ဆင်ကစားသွားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်ပေါင်းများစွာနဲ့ အာဆင်နယ်အသင်းကို ဖိအားပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်းကတော့ ဟာကွက်တချို့ရှိခဲ့ပြီး အာဆင်နယ်အသင်း ရရှိခဲ့တဲ့ ဦးဆောင်ဂိုးကလည်း ရောဘတ်ဆန်ရဲ့ အမှားကနေ (၂၅) မိနစ်မှာ လာကာဇက်က ကန်သွင်းယူခဲ့တာပါ။

ဒါပေမဲ့ လာကာဇက်က မိနစ်(၆၀)ဝန်းကျင်မှာ တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရတဲ့ နှစ်ကြိမ်ကိုတော့ ဖြုန်းတီးပစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဦးဆောင်မှုကလည်း မိနစ်ပိုင်းသာကြာခဲ့ပြီး (၂၈)မိနစ်မှာ မာနေက ပြန်လည်ချေပခဲ့ပါတယ်။

အဲဒီနောက် (၃၄)မိနစ်မှာ ရောဘတ်ဆန်က ဒုတိယဂိုးထပ်သွင်းပြီး ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်က ဂိုးထပ်သွင်းနိုင်ဖို့ အားထည့်ကစားခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ လူစားဝင်လာတဲ့ ယိုတာက (၈၈)မိနစ်မှာ ကန်သွင်းယူခဲ့တာပါ။

Most Read

Most Recent