ဆွာရက်ဇ်အား ထွက်ခွာခွင့်ပေးခဲ့သည့် ဘာစီလိုနာအသင်းကို မက်ဆီ ဝေဖန်

ဆွာရက်ဇ်အား ထွက်ခွာခွင့်ပေးခဲ့သည့် ဘာစီလိုနာအသင်းကို မက်ဆီ ဝေဖန်
Photos: Getty Images & Loinel Messi Instagram
Photos: Getty Images & Loinel Messi Instagram
Published 25 September 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ဆွာရက်ဇ်အား ထွက်ခွာခွင့်ပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ဘာစီလိုနာအသင်းကို ဝေဖန်ခဲ့ပြန်သည်။ 

မက်ဆီသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်တောင်းခဲ့သော်လည်း အသင်းက လျော်ကြေးယူရိုသန်း (၇၀၀)ရရှိမှသာ ထွက်ခွာခွင့်ပေးမည်ဟု ပြောဆိုခဲ့သဖြင့် အသင်းတွင် ယခုရာသီကုန်အထိ ဆက်နေရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။ 

မက်ဆီသည် ၎င်းကို အသင်းမှထွက်ခွာခွင့်မပေးခဲ့သည့် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူကို ကတိမတည်သူဟု ဆိုခဲ့ပြီး ဘာစီလိုနာဘုတ်အဖွဲ့သည် အသင်းကို ဖျက်ဆီးနေသည်ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လက်ရှိတွင်လည်း ဆွာရက်ဇ်ကို အသင်းတွင် နေရာမရှိဟုဆိုကာ လာလီဂါပြိုင်ဘက် အက်သလက်တီကိုအသင်းထံ ထွက်ခွာခွင့်ပေးခဲ့သည်။

မက်ဆီသည် သူ၏ Instagram တွင် ဆွာရက်ဇ်နှင့်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ကာ "အဝတ်လဲခန်းထဲမှာ မင်း(ဆွာရက်ဇ်)မရှိတော့မှာကို အစကတည်းက တွေးထားခဲ့ပေမယ့် တကယ်လက်တွေ့မှာတော့ စိတ်မကောင်းဖြစ်ရတယ်။ မင်းနဲ့ ကွင်းထဲမှာ ကစားတာ၊ အဝတ်လဲခန်းအတူတူ အသုံးပြုခဲ့တာတွေကို ဆက်လုပ်ခွင့်ရတော့မှာ မဟုတ်လို့ ခက်ခဲဦးမှာပါ။ မင်းကို ငါ လွမ်းနေမှာပါ။ ငါတို့နှစ်ပေါင်းများစွာ အတူတူဖြတ်သန်းခဲ့ကြပြီး နေ့လည်စာတွေ၊ ညစာတွေကို အတူတူ အကြိမ်ပေါင်းများစွာ စားခဲ့ကြတယ်။ ငါတို့အတူရှိခဲ့တဲ့ အချိန်တွေကို ငါတို့ မေ့နိုင်မှာ မဟုတ်ပါဘူး။ မင်းကို တခြားအသင်းဂျာစီနဲ့ မြင်ရမှာ အဆင်မပြေသလို၊ ကွင်းအတွင်း ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ဖို့ ပိုတောင်ဆိုးသေးတယ်။ မင်းအနေနဲ့ သူတို့ (ဘာစီလိုနာဘုတ်အဖွဲ့)ဆီမှာ အခုလို ကန်ထုတ်ခံရဖို့ မထိုက်တန်ပါဘူး။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတော့ ငါ ဘာကိုမှ မအံ့သြတော့ပါဘူး"ဟု ရေးသားခဲ့သည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကစားခဲ့သည့် (၆)ရာသီအတွင်း မက်ဆီနှင့်တွဲဖက်ညီစွာကစားနိုင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၈၃)ပွဲတွင် (၁၉၈)ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent