အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ဆေးစစ်ထားမှုအဖြေအရ ၂၇၉ ပါးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၃၅၄ ပါးထိရှိလာ  

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ဆေးစစ်ထားမှုအဖြေအရ ၂၇၉ ပါးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၃၅၄ ပါးထိရှိလာ  
ဓာတ်ပုံ - ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်
ဓာတ်ပုံ - ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်
Published 25 September 2020
ကြည်နိုင်

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ဆေးစစ်ထားမှုအဖြေအရ ၂၇၉ ပါးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါစာသင်တိုက်က စက်တင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီတွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃာစုစုပေါင်း ၃၅၄ ပါးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

“၂၄ ရက်နေ့ စစ်ဆေးချက် အခြေအနေမှန်မှာ ပိုးတွေ့လူနာ ၂၇၉ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကုသပေးလျက်ရှိပါတယ်။ မှော်ဘီ တစကမှာ ၉၁ ဦး ကုသပေးမှာဖြစ်ပြီး အင်းစိန် သာသနာ့ဗိမာန်တွင် ၁၈၈ ပါးကို ကုသပေးမှာ ဖြစ်ပါတယ်” ဟု ရွာမပရိယတ္တိ စာသင်တိုက် - အင်းစိန် အမည်ရှိ Facebook Page မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသနှင့် ကျန်သံဃာတော်များ၊ ပိုးတွေ့သံဃာတော်များလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၄ ရက်တွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်တွင် COVID-19 ပိုးရှိသူ ၈၈ ဦးရှိပြီး ၎င်းတို့ထဲတွင် အင်းစိန်ပရိယတ္တိ စာသင်တိုက်မှ ကိုရင်နှင့် သံဃာ ၇၅ ပါးမှာ ရောဂါပိုး တွေ့ရှိခဲ့သည်ဟု ဦးဝေဖြိုးဟန်က ပြောကြားထားသည်။

သံဃာအပါး ၅၀၀ ကျော် သီတင်းသုံးနေသည့် အင်းစိန်ရွာမ ပရိယတ ္တိစာသင်တိုက်တွင် ဦးစွာ သံဃာ ၇၅ ပါး COVID ရောဂါပိုး ကူးစက်ခံထားရပြီးနောက် ကျန်သံဃာများကိုလည်း COVID-19 Swab test ယူ၍ ဆေးစစ်ထားကြောင်း စာချနာယက ဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက စက်တင်ဘာလ ၂၄ ရက်တွင်  Eleven Media ကို မိန့်ကြားခဲ့သည်။

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ ရောဂါပိုး ကူးစက်ခံရသည့် ၇၅ ပါးအား မှော်ဘီရှိ တပ်မတော် ကျန်းမာရေး ကုသစင်တာသို့ ပင့်ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း ထုတ်ပြန်ခဲ့ပြီး ကျောင်းတိုက်အတွင်းသို့ ပြင်ပလူအဝင်မခံဘဲ ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။

မှော်ဘီမြို့ရှိ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌ COVID-19 ရောဂါ စောင့်ကြည့်လူနာ အမျိုးသား၊ အမျိုးသမီး ၃၇၂ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်၌ COVID-19  ရောဂါစောင့်ကြည့်လူနာ ၁၈၂ ဦး ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၂၅ ရက်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား၊ အမျိုးသမီး ၇၀ ဦး ထားရှိကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် လိုအပ်သော ဆေးရုံသုံး စက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားသည်။

 

Most Read

Most Recent