လက်ရှိအစိုးရလက်ထက် ဆောင်ရွက်ဆဲ ပြည်သူ့အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၁၀၀၀၀ အပါအဝင် ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ အရောင်းအိမ်ရာနှင့် အငှားအိမ်ရာများမှ စုစုပေါင်း အိမ်ရာအခန်းပေါင်း ၅၅၆၀၀ ထုတ်လုပ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ အိမ်ရာထုတ်လုပ်မှုတွင် အရောင်းအိမ်ရာအတွက် အခန်း ၂၈၉၀၁ ခန်းနှင့် အငှားအိမ်ရာအတွက် အခန်းပေါင်း ၂၆၆၉၉ ခန်းဖြင့် စုစုပေါင်း ၅၅၆၀၀ ခန်း ထုတ်လုပ်ထားခြင်းဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီးဖြစ်သည့်မြို့များ ဖြစ်ရန်နှင့် ယင်းမြို့များတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အိမ်ခန်းပေါင်းတစ်သန်းအထိ တည်ဆောက်ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းအရ နှစ်စဉ်ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်နေသော်လည်း မြေ၊ ဘဏ္ဍာငွေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်သူများအတွက် သင့်လျော်သည့်အိမ်ရာများ ဖြည့်ဆည်းပေးရန် ရည်မှန်းချက်တာဝန်နှင့်အညီ လူဦးရေတိုးနှုန်း၊ မိသားစုဝင်ငွေနှင့် အိမ်ရာလိုအပ်ချက်များအတွက် လေ့လာဆန်းစစ်ချက်များပြုလုပ်ပြီး ကာလတို၊ ကာလရှည် အိမ်ရာစီမံကိန်းများ ရေးဆွဲတည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ ကာလအတွင်း လူဦးရေတိုးနှုန်းအရ အိမ်ရာတစ်သန်း လိုအပ်မည်ဖြစ်ကြောင်း၊ နှစ်စဉ် ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော်ထုတ်လုပ်ပေးရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ကျန်ရှိနေသည့် ရာခိုင်နှုန်း ၈၀ ကို ပုဂ္ဂလိကကဏ္ဍက ထုတ်လုပ်ပြီး လိုအပ်သည့် နည်းဥပဒေနှင့် ဥပဒေအကာအကွယ်များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပံ့ပိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာအခန်းပေါင်း ၈၁၂ ခန်း တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း ၁၂၀ ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများချထားရေးကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဦးကျော်လင်းက ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက်ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျ ခွဲဝေရောင်းချပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
တစ်နှစ်လျှင် အငြိမ်းစားယူမည့်ဝန်ထမ်း ၂၀၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူလိုသည့်အတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ဖြေကြားခဲ့သည်။















