ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလအတွင်း မရှိမဖြစ် ဆက်လက်လည်ပတ်ရန် လိုအပ်သည့် လုပ်ငန်းအမည်စာရင်းများ ကုန်သည်စက်မှု အသင်းချုပ်သို့ပေးပို့ရန် မေတ္တာရပ်ခံ

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလအတွင်း မရှိမဖြစ် ဆက်လက်လည်ပတ်ရန် လိုအပ်သည့် လုပ်ငန်းအမည်စာရင်းများ ကုန်သည်စက်မှု အသင်းချုပ်သို့ပေးပို့ရန် မေတ္တာရပ်ခံ
Published 23 September 2020
စည်သူအောင်

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလအတွင်း မရှိမဖြစ်ဆက်လက်လည်ပတ်ရန် လိုအပ်သည့် လုပ်ငန်းအမည်စာရင်း ကုန်သည်စက်မှုအသင်းချုပ်သို့ ပေးပို့ရန် မေတ္တာရပ်ခံထားကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ လုပ်ငန်းရှင်များသို့ အသိပေးအကြောင်းကြားစာအရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက် ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ အရ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အားလုံး (ကိုးကိုးကျွန်းမြို့နယ်မပါ) မှ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ကြောင်း ကြေညာခဲ့ရာ အဆိုပါကြေညာချက်တွင် ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများမှအပ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သို့ သွားရောက်ခြင်းမပြုရန် စသည်ဖြင့် ဖော်ပြပါရှိသည်။

သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၀၇/၂၀၂၀ အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း လည်ပတ်ရန် လိုအပ်သည့် မရှိမဖြစ်လုပ်ငန်းများ အနေဖြင့် Stay at Home ကာလအတွင်း ဆက်လက်လုပ်ကိုင်လည်ပတ်မည်ဆိုပါက မိမိ၏လုပ်ငန်းအမည်၊ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်၊ ဆက်သွယ်ရမည့်လိပ်စာ၊ လုပ်ငန်းအမျိုးအစား၊ လုပ်သားဦးရေ အရေအတွက်တို့နှင့်တကွ ကုန်သည်စက်မှုအသင်းချုပ် အသင်းရေးရာဌာန email:ma@umfcci.com.mm သို့ ဆောလျင်စွာ ပေးပို့နိုင်ပါရန် ကုန်သည်စက်မှုအသင်းချုပ်က မေတ္တာရပ်ခံထားသည်။

ကုန်စည်များ ပြတ်လပ်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး၊ ခွင့်ပြုထားသည့်လုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေး၊ မရှိမဖြစ်လုပ်ငန်းများ လည်ပတ်ခွင့်ပြုရေး၊ အလုပ်သမားများအား နေအိမ်တွင် နေထိုင်ရေး Stay at Home ကာလအတွင်း ထောက်ပံ့ကူညီပေးနိုင်ရေးဆိုင်ရာများနှင့် အသင်းချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့ကိုလည်း စက်တင်ဘာ ၂၁ ရက်တွင် ဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင်ပြုလုပ်သော အစည်းအဝေးတွင် နေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်ကာလအတွင်း အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အလုပ်ဌာနများသို့ မဖြစ်မနေသွားရမည့်ဝန်ထမ်းများ၏ တိကျသော သတင်းအချက်အလက်များ ရရှိစေရေး၊ ခွင့်ပြုထားသည့် လုပ်ငန်းများနှင့် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ စနစ်တကျမှတ်ပုံတင်နိုင်ရေး၊ IT နည်းပညာသုံး၍ Online မှတစ်ဆင့် စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီရပ်နားမည့် စက်ရုံ/အလုပ်ရုံများမှ အလုပ်သမားများအား ပိတ်ရက်ကာလအတွက် လုပ်ခ၊ လစာထောက်ပံ့ပေးနိုင်ရေး၊ တာဝန်ရှိသူများမှ ညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် ပတ်သက်၍လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် Video Conferencing စနစ်ဖြင့် ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။     

 

Most Read

Most Recent