ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ခြောက်ခုမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများကို COVID-19 ကပ်ရောဂါ တားဆီးကာကွယ်ရေးအခြေအနေအရ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်ခြင်း၊ နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းတို့ ပြုလုပ်ထားခြင်းကြောင့် အဆိုပါရုံးများကို ပိတ်ထားရကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
အင်းစိန်မြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများကို ပိတ်ထားရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ ရုံးပိတ်ထားရခြင်းကြောင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆွယ်စည်း ရုံးရေးလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ လုပ်ငန်များနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက နားလည်ခွင့်လွှတ်သည်းခံပေးရန် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မေတ္တာရပ်ခံထားသည်။
ထိုသို့ ရုံးပိတ်ထားသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထဲမှ အင်းစိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲနှင့် ပတ်သက်သည့် ကိစ္စများကို မြောက်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ဒလမြို့နယ် ကော်မရှင်အဖွဲ့ခွဲနှင့် ပတ်သက်သည့် ကိစ္စများကို တောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးတို့နှင့် ဆက်သွယ်ဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒလမြို့နယ်၊ ဒဂုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သုံးဦးတွင် COVID ရောဂါပိုးတွေ့ရှိ၍ ရုံးပိတ်ခြင်းဖြစ်ပြီး ကျန်မြို့နယ်ရုံးများမှာ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် တွဲလျက်ဖွင့်လှစ်ထားသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအချို့တွင် ရောဂါပိုးတွေ့ရှိခြင်းကြောင့် ရုံးပိတ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။
အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှိ ဒုတိယဦးစီးအရာရှိတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း စက်တင်ဘာ ၂၀ ရက်က အဖြေထွက်သည်ဟု မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒလမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးတွင် စက်တင်ဘာ ၂၂ ရက်က COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
စက်တင်ဘာ ၂၂ ရက် ညနေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဒလမြို့နယ်၌ ၁၆ ဦးနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ရှစ်ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
လက်ရှိတွင် COVID-19 ရောဂါပိုး ကူးစက်မှု မြင့်မားလာခြင်းကြောင့် နိုင်ငံရေးပါတီအချို့က မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ ရပ်နားထားသည့်အပြင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အချို့တွင် ရောဂါပိုးတွေ့ရှိခြင်းကြောင့် မြို့နယ်ကော်မရှင်ရုံး အချို့ပိတ်ရသည့် အခြေအနေများလည်း ရှိလာသည်။
သို့သော် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်မရှိဘဲ ပုံမှန်အတိုင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ ၂၀ ရက်တွင် ထပ်မံအတည်ပြု ပြောကြားထားသည်။
ဉာဏ်လင်းထွန်း















