ရောဂါလက္ခဏာမရှိသော COVID-19 လူနာများကို ရောဂါပိုး တွေ့ရှိပြီး ဆေးရုံ၌ ၁၁ ရက်ထားရှိကုသပြီးပါက ဆေးရုံဆင်းခွင့်ပြု

ရောဂါလက္ခဏာမရှိသော COVID-19 လူနာများကို ရောဂါပိုး တွေ့ရှိပြီး ဆေးရုံ၌ ၁၁ ရက်ထားရှိကုသပြီးပါက ဆေးရုံဆင်းခွင့်ပြု
MICT Park ဝင်းအတွင်းရှိ COVID-19 ကုသရေးဌာန(လှိုင်)ကို စက်တင်ဘာ ၁၈ ရက်က တွေ့ရ စဉ် (ဓာတ်ပုံ-ကြည်နိုင်)
MICT Park ဝင်းအတွင်းရှိ COVID-19 ကုသရေးဌာန(လှိုင်)ကို စက်တင်ဘာ ၁၈ ရက်က တွေ့ရ စဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 22 September 2020
အိသဥ္ဇာကျော်

ရောဂါလက္ခဏာမရှိသော COVID-19 ပိုးတွေ့လူနာများကို ရောဂါပိုးတွေ့ရှိပြီး ဆေးရုံ၌ ၁၁ ရက် ထားရှိကုသပြီးပါက ဆေးရုံဆင်းခွင့်ပြုထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ သိရသည်။

ကုသရေးဦးစီးဌာန အနေဖြင့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား ဆေးရုံဆင်းခွင့် သတ်မှတ်ချက်များကို ပြင်ဆင်ခဲ့ပြီး ၎င်းတို့မှာ COVID-19 ဓာတ်ခွဲအတည်ပြု လူနာများအနက် ရောဂါလက္ခဏာရှိသော လူနာများတွင် သာမာန် သို့မဟုတ် အသင့်အတင့် ရောဂါလက္ခဏာရှိသည့် လူနာများ (ကိုယ်ခံအား ကျဆင်းနေသော လူနာများ မပါဝင်)၊ ရောဂါလက္ခဏာ ပြသည့်ရက်မှစ၍ ၁၀ ရက်နှင့် ရောဂါလက္ခဏာ ပျောက်ကင်းပြီးနောက် တစ်ရက်ကြာရှိခြင်း (ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်းမရှိ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာနှင့်  COVID-19 အခြားရောဂါလက္ခဏာများ မရှိခြင်း) နှင့် လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး ၁၁ ရက် ထားရှိရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြင်းထန်သော  ရောဂါလက္ခဏာရှိသည့် လူနာများ သို့မဟုတ် အသည်းအသန်လူနာများ သို့မဟုတ် ကိုယ်ခံအား ကျဆင်းနေသူများတွင် ရောဂါလက္ခဏာပြသည့်ရက်မှစ၍ ၁၀ ရက်နှင့် ရောဂါလက္ခဏာ ပျောက်ကင်းပြီးနောက် လေးရက်ကြာရှိခြင်း (ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်းမရှိ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာနှင့် COVID-19 အခြားရောဂါလက္ခဏာများ မရှိခြင်း) နှင့် လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး ၂၁ ရက် ထားရှိရမည် ဖြစ်ကြောင်းနှင့် ရောဂါလက္ခဏာ မရှိသော လူနာများကိုမူ SARS-Cov-2 ရောဂါပိုး တွေ့ရှိပြီး ၁၁ ရက်ထားရှိ ကုသပြီးပါက ဆေးရုံဆင်းခွင့် ပြုထားကြောင်း သိရသည်။ 

စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာသစ် ၂၆၄ ဦး နှင့် သေဆုံးသူ နှစ်ဦးထပ်တိုး၍ သေဆုံးသူ စုစုပေါင်း ၉၄ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ပိုးတွေ့လူနာများအနက် ရောဂါလက္ခဏာမပြသူ၊ အသက်ငယ်ပြီး နောက်ခံရောဂါ မရှိသူများကို  ယခုထပ်မံ ဖွင့်လှစ်ထားသော သုဝဏ္ဏ၊ လှိုင်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ COVID-19 ကုသရေးဌာနများတွင် ထားရှိကုသ ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ယာယီဆေးရုံတွေ ဖွင့်လှစ်တယ် ဆိုတာက အချက်သုံးချက်နဲ့ ညီတဲ့သူတွေကို ထားဖို့ဖြစ်ပါတယ်။ ဒါက အသက်ငယ်တယ်၊ ရောဂါလက္ခဏာ မပြတဲ့သူတွေ၊ နောက်ခံရောဂါ မရှိတဲ့သူတွေ ဒီသုံးခုနဲ့ညီတဲ့ သူတွေကို ယာယီဆေးရုံတွေ နောက်ထပ်တိုးချဲ့ထားတဲ့ COVID-19 ကုသရေး ဌာနတွေမှာ ပို့မှာဖြစ်ပါတယ်။ ဒီလိုပို့တဲ့နေရာမှာ ကုသမှု အထွေအထူး မလိုတဲ့သူတွေ တနည်းအားဖြင့် စိတ်ချရအောင် နှစ်ပတ်ထားရှိတယ်။ နှစ်ပတ်စောင့်ကြည့်ချင်လို့သာ ဖြစ်တယ်။ သူတို့က အထွေအထူး ဆေးကုသမှုတွေ မလိုဘူး။ တချို့ဆိုရင် ဘာလက္ခဏာမှ မရှိဘူး။ ကိုယ်ခံအားလည်းကောင်းတယ်။ အသက်တွေလည်း ငယ်တယ်။ ဒါမျိုးဆိုရင် သူတို့တွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့အခါ ကျန်းမာရေး ဝန်ထမ်းတွေ အများကြီး မလိုပါဘူး။ ဒီနေရာမှာ သုံးမယ့်အင်အားကို တကယ်ကို လိုအပ်နေတဲ့ ဆေးရုံတွေမှာ တကယ်ဆိုးနေတဲ့ လူနာတွေ၊ အသက်ရှု အားကူစက်တွေနဲ့ ဆေးကုသမှု ပေးနေရတဲ့သူတွေ စသဖြင့် ဒီလိုလူနာတွေကို ပိုပြီးအားစိုက် ကုသပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ယာယီ ဆေးရုံမှာ ထားမယ့်လူတွေက စိုးရိမ်ရတဲ့သူတွေ မဟုတ်ပါဘူး။ သို့သော် တခါတလေကျရင် မိသားစုလိုက် ရောဂါကူးစက်မှုတွေ ရှိပါတယ်။ တချို့မိသားစုတွေဆို ခြောက်ဦးလောက် ဖြစ်တာရှိပါတယ်။ အဲလိုဖြစ်တဲ့အခါ သူတို့အမေ ဒါမှမဟုတ် သူတို့အဖွား စတဲ့ အသက်ကြီးတဲ့သူတွေ ရှိပေမယ့်လို့ သူတို့တွေနဲ့ အတူခေါ်ထားချင်တယ် ဆိုတာမျိုးတွေလည်း ရှိပါတယ်။ လူနာတွေ ရွှေ့တဲ့ကိစ္စကတော့ သက်ဆိုင်ရာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီးက ဆက်လက် ပြောကြားသည်။

ထို့ပြင် နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ်များမှ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ကွင်းဆင်းအဖွဲ့ သုံးဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent