နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား  ခေါ်ယူ၍ မြန်မာဘက်မှ သတိထောက်လွှာပေး

နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား  ခေါ်ယူ၍ မြန်မာဘက်မှ သတိထောက်လွှာပေး
Published 18 September 2020
ပြည့်ဖြိုးအောင်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. ManjurulKarim Khan Chowdhury အား စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်မြို့သို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား စက်တင်ဘာ ၁၃ ရက်က ခေါ်ယူတွေ့ဆုံစဉ် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မြန်မာ့တပ်မတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြောကြားခဲ့မှုနှင့် သတိထောက်လွှာပေးအပ်ခဲ့မှုအပေါ် မြန်မာဘက်က ဖြစ်စဉ်အခြေအနေမှန်ကို တုံ့ပြန်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်ဘက်မှ သတိထောက်လွှာ၌ ဖော်ပြထားသော မကြာသေးမီက နှစ်နိုင်ငံနယ်စပ်အနီး မြန်မာဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလှုပ်ရှားမှုများသည် ရဲတပ်ဖွဲ့ဝင်များ၏  ပုံမှန်တာဝန်လဲလှယ်မှုသာဖြစ်ပြီး ၎င်းတို့နှင့်အတူ မိသားစုဝင်များလည်း လိုက်ပါပြောင်းရွှေ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ရွှေ့ပြောင်းလှုပ်ရှားမှုများသည် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တရားဥပဒေစိုးမိုးရေးနှင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသခံအသိုက်အဝန်းအားလုံး၏ လူမှုဘဝလုံခြုံမှုရှိရေး ကာကွယ်စောင့်ရှောက်ရန်အတွက် ပုံမှန်တာဝန်ထမ်းဆောင်မှု၏ တစ်စိတ်တစ်ဒေသ လှုပ်ရှားဆောင်ရွက်မှုသာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ တာဝန်ရွှေ့ပြောင်းရာတွင်လည်း မြန်မာပိုင်နက် နယ်နိမိတ်အတွင်းတွင်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုပြုစေရန် ရည်ရွယ်ခြင်းအလျဉ်းမရှိကြောင်း တုံ့ပြန်ပြောကြားသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားဆက်ဆံရေးရုံးများ (BLOs) ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာဘက်က နယ်ခြားဆက်ဆံရေးရုံးကို မောင်တောမြို့၌ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကစတင်ဖွင့် လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြား ဆက်ဆံရေးရုံးများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပရန် မြန်မာဘက်မှသုံးကြိမ်တိုင် အဆိုပြုခဲ့သော်လည်း ပထမနှစ်ကြိမ် အဆိုပြုမှုများအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းပြန်ကြားမှု မရှိခဲ့ကြောင်း၊ မြန်မာဘက်မှ တတိယအကြိမ် အဆိုပြုမှုအပေါ် COVID-19 ရောဂါအခြေအနေအပေါ် အကြောင်းပြု၍ အဆင်ပြေမှု မရှိသေးဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြားထူထောင်ထားသည့် နယ်ခြားဆက်ဆံရေးရုံးအချင်းချင်း ဆက်သွယ်ဆောင်ရွက်သည့် ယန္တရားမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား သတိထောက်လွှာတစ်စောင်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။             

 

Most Read

Most Recent