ပြည်သူ့အသက် ပြည်သူ့ကျန်းမာရေးကို အလေးထားပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက လက်ခံ၍ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

ပြည်သူ့အသက် ပြည်သူ့ကျန်းမာရေးကို အလေးထားပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက လက်ခံ၍ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 15 September 2020
ပြည့်ဖြိုးအောင်

ပြည်သူ့အသက် ပြည်သူ့ကျန်းမာရေးကို အလေးထားပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက လက်ခံ၍ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာ ၁၄ ရက်က ပြည်ခိုင်ဖြိုးပါတီ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်ပြောကြားရာတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကပ်ရောဂါဘေးဆိုးကြီး တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ပြီး မြန်မာနိုင်ငံ၌ စက်တင်ဘာ ၁၀ ရက် နောက်ပိုင်း၌ နေ့စဉ်ကူးစက်မှု ၂၀၀ ကျော်လောက်အထိ စံချိန်တင်လာသည့်အချိန်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မပြိုင်ပြန်ပါက မပြိုင်သည့်သူပဲ တစ်ဖက်သတ်နစ်နာပြီး အခွင့်အရေး ယူတတ်သူက နိုင်ငံကိုပါ ခြယ်လှယ်ခွင့်ရသွားမည့် အခြေအနေမျိုး ဖြစ်နေသည့်အတွက် မျက်နှာပူပူဖြင့် ရိုက်ကူးထုတ်လွှင့်မှု လုပ်ရခြင်းကို အားနာမိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

“ဒါပေမယ့် ကျွန်တော့်ကို ကျွန်တော့် ပါတီကိုယ်စားလှယ်တွေကိုပဲ မဲပေးဖို့ဆိုတဲ့ အတ္တလောဘနဲ့ယှဉ်တဲ့ တောင်းဆိုတင်ပြမှုမပါဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်သင့် ဖြစ်သင့်တာတွေကိုပဲ တင်ပြထားပါတယ်။ ပြည်သူ့အသက် ပြည်သူ့ကျန်းမာရေးကို အလေးထားပြီးတော့ အဲဒီရွေးကောက်ပွဲကြီးကို ရွှေ့ဆိုင်းမယ် ဆိုရင်တောင် ကျွန်တော်တို့ ဝမ်းမြောက်စွာလက်ခံပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင် အစီရင်ခံပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ ရုပ်သံလွှင့် ဟောပြောမှုအစီအစဉ်များ စတင်နေပြီး ၎င်းမှာ ပါတီဥက္ကဋ္ဌ တစ်ယောက်၊ ကိုယ်စားလှယ်လောင်းတစ်ယောက် ဖြစ်သည့်အတွက် ပြည်သူလူထုကို မျက်နှာပူစွာဖြင့် အစီအစဉ်တွင် ပါဝင်ထားရကြောင်း ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိတွင် COVID-19 ရောဂါ ဆိုးဝါးစွာ ကူးစက်ပျံ့ပွားလျက်ရှိ၍ နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ဆီလျော်သင့်တော်သော ကာလတစ်ခုအထိ ရွှေ့ဆိုင်းသင့်​ရန် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) က စက်တင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။ အလားတူ ပြည်သူ့ပါတီ (PP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ကလည်း COVID-19 ကူးစက်ပျံ့ပွားမှု အခြေအနေများကြောင့် လာမည့် ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ပိုင်းအထိ ရွှေ့ဆိုင်းသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပြီးခဲ့သည့် ရက်ပိုင်းက အိတ်ဖွင်ပေးစာ အသီးသီးပေးပို့ခဲ့ကြသည်။

Most Read

Most Recent