ရန်ကုန်တိုင်းအတွင်း Stay at Home မြို့နယ်များကြောင့် မဲဆွယ်စည်းရုံးရန်အကန့်အသတ်ရှိသဖြင့် PPP ပါတီက ပါတီထောက်ခံသူများအတွက် ကားစတစ်ကာကပ်သည့်ကမ်ပိန်း ပြုလုပ်

ရန်ကုန်တိုင်းအတွင်း Stay at Home မြို့နယ်များကြောင့် မဲဆွယ်စည်းရုံးရန်အကန့်အသတ်ရှိသဖြင့် PPP ပါတီက ပါတီထောက်ခံသူများအတွက် ကားစတစ်ကာကပ်သည့်ကမ်ပိန်း ပြုလုပ်
Published 12 September 2020
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းအတွင်း Stay at Home မြို့နယ်များကြောင့် မဲဆွယ်စည်းရုံးရန် အကန့်အသတ်ရှိသဖြင့် ပါတီထောက်ခံသူများအတွက် ကားစတစ်ကာကပ်သည့်ကမ်ပိန်းကို စက်တင်ဘာ ၁၂ ရက်က လသာမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်အနက်၂၈ မြို့နယ်သည် Stay at Home အစီအစဉ်တွင် ပါဝင်နေသဖြင့် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု အကန့်အသတ်များရှိနေကြောင်း PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

“ အဓိကကတော့ ရန်ကုန်မှာ ကျွန်မတို့ က ၄၅ မြို့နယ်ရှိတဲ့အထိမှာ ကျွန်မတို့ပါတီက ၃၅ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ အဲဒီ ၃၅ မြို့နယ်ထဲမှမှာ ၂၃ မြို့နယ်က Stay at Home ဖြစ်နေတဲ့အခါကျတော့ မဲဆွယ်လှုပ်ရှားရတာ စည်းရုံးလှုပ်ရှားရတာ အကန့်အသတ်တွေ ရှိနေတယ်။ ရှိနေတော့ CEC အစည်းအဝေး အရေးပေါ်ခေါ်ပြီးတော့မှ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ နံပါတ်တစ်ကတော့ စတစ်ကာကမ်ပိန်း၊ စတစ်ကာကမ်ပိန်းကတော့ ကျွန်မတို့ ပါတီကိုထောက်ခံကြတဲ့ ပြည်သူလူထုတွေ လာပြီးတော့ စတစ်ကပ်လို့ရအောင် ဒီနေ့ မနက် ၉ နာရီကနေ ည ၇ နာရီအထိ ဘယ်ကားပဲလာလာ စတစ်ကာ ကပ်ပေးတယ်” ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် စတစ်ကာကမ်ပိန်းတပ်ဆင်ရာတွင် ပါတီ၏ဆောင်ပုဒ်ဖြစ်သည့် လူထုဘဝ အဓိကနှင့် ပါတီတံဆိပ် စတစ်ကာများကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

“ စတစ်ကာကပ်ထားတဲ့ ကားတန်းနဲ့ မှော်ဘီတို့၊ တိုက်ကြီးတို့၊ လှည်းကူးတို့ဘက် သွားတယ်။ နောက်တစ်ခုက ကိုယ်စားလှယ်တွေကိုလည်း  မြို့နယ်တိုင်း Billboard တွေ အရေအတွက် ပိုထောင်ကြဖို့ တိုက်တွန်းထားပါတယ်။ အရင်တုန်းက  ၃၀ လုပ်မယ်ဆိုရင် အခု ၅၀ လောက် တိုးပြီးလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စားလှယ်လောင်းက အပြင်ထွက်ပြီး Door to Door သွားလို့မရတော့ဘူးဆိုတော့ ပြည်သူလူထု သတင်းအချက်အလက်ရအောင် ပါတီရဲ့သိအောင်၊ ပါတီက ရွေးကောက်ပွဲဝင်မှန်းလည်း သိအောင်၊ ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေလည်း သိအောင် Billboard တွေ ထောင်ကြပါဆိုပြီးတော့မှ ဒါလေးလုပ်ထားပါတယ်” ဟု ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

COVID-19 ရောဂါပိုးတွေ့ရှိမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၈ ခုကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။

“ ပါတီတိုင်းကခက်မှာပါ။ ဘာခက်မလဲဆိုရင် Door to Door သွားလို့မရတော့ဘူး။ အဲဒါအပြင် လမ်းမကြီးပဲတွေမှာ ကားဖြတ်မောင်းလို့ရပြီး လမ်းအသေးတွေလည်း ပိတ်ဆို့ထားတယ်ဆိုတော့ နည်းနည်းတော့ လိုအပ်တာထက် ပိုတင်းကျပ်တယ်လို့ထင်တယ်” ဟု ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

Stay at Home ကြေညာထားသည့် မြို့နယ်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများ လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၇ ရက်တွင် ကြေညာထားသည်။

Most Read

Most Recent