First Eleven Sports Journal တာဝန်ခံအယ်ဒီတာဟောင်း ဦးဇင်မင်းမောင် ကွယ်လွန်

First Eleven Sports Journal တာဝန်ခံအယ်ဒီတာဟောင်း ဦးဇင်မင်းမောင် ကွယ်လွန်
ထိုင်းနိုင်ငံ၊ နာခွန်ရာချက်စမာမြို့တွင် ကျင်းပခဲ့သော ၂၀၀၇ ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ဦးဇင်မင်းမောင်အားတွေ့ရစဉ် (Photos: EMG)
ထိုင်းနိုင်ငံ၊ နာခွန်ရာချက်စမာမြို့တွင် ကျင်းပခဲ့သော ၂၀၀၇ ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ဦးဇင်မင်းမောင်အားတွေ့ရစဉ် (Photos: EMG)
Published 12 September 2020

Eleven Media Group မှ ထုတ်ဝေသော First Eleven Sports Journal ၏ တာဝန်ခံအယ်ဒီတာဟောင်းဖြစ်သူ ဦးဇင်မင်းမောင်(ခ) ဦးမြင့်အေးသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ (၁၁) ရက် ည (၈းဝဝ) နာရီတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါသည်။



ဦးဇင်မင်းမောင်သည် လက်ရှိတွင် Eleven Media Group ၏ Senior Manager အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၆၁)နှစ် ရှိပြီဖြစ်ကာ ဇနီးဖြစ်သူ မအိသန္တာထွေးနှင့် သမီးဖြစ်သူ မခင်ရူပါမောင်တို့ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

ဦးဇင်မင်းမောင်သည် First Eleven Sports Journal တွင် ၂ဝဝဝ ပြည့်နှစ်မှစတင်၍ သတင်းထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဇင်မင်းမောင်အမည်ဖြင့် လည်းကောင်း၊ ဇော်မော်(သတ္တ) အမည်ဖြင့်လည်းကောင်း အားကစားအင်တာဗျူးများ၊ ပြည်တွင်းအမှတ်ပေးဘောလုံးပြိုင်ပွဲ သုံးသပ်ချက်များ၊ သတင်းဆောင်းပါးများအပါအဝင် မြန်မာဘောလုံးနှင့် မြန်မာအားကစားအကြောင်းအရာများစွာကို ရေးသားခဲ့သူဖြစ်သည်။

ဦးဇင်မင်းမောင်သည် ယခင်ပြည်တွင်းအဆင့်မြင့်တန်းအမှတ်ပေးပြိုင်ပွဲတွင် ကစားသမားတစ်ဦးအဖြစ် ပို့/ဆက်အသင်း၌ ကစားခဲ့သူလည်းဖြစ်သည်။

ဦးဇင်မင်းမောင်သည် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၃ ခုနှစ်အထိ First Eleven Sports Journal ၏ သတင်းထောက်ချုပ်အဖြစ်လည်းကောင်း၊ ၂ဝဝ၃ ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်ကာ မြန်မာအားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သူ ဖြစ်သည်။



၂ဝဝ၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်)တွင် ဦးဇင်မင်းမောင်သည် ကိုယ်တိုင်ကိုယ်ကျ သတင်းလိုက်ပါ ရယူခဲ့ပြီး မြန်မာအားကစားအဖွဲ့များ၏ ယှဉ်ပြိုင်မှုသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခဲ့ပါသည်။

ထို့ပြင် မြန်မာယူ-၂၃ ဘောလုံးအသင်း ငွေတံဆိပ်ဆွတ်ခူးခဲ့သော ၂ဝဝရ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ထိုင်းဆီးဂိမ်းစ်)တွင်လည်း ထိုင်းနိုင်ငံ၊ နာခွန်ရာချက်စမာမြို့သို့ သွားရောက်ကာ သတင်းလိုက်ပါရယူပြီး မြန်မာအားကစားပရိသတ်များထံသို့ သတင်းများပေးပို့ခဲ့ပါသည်။

ထို့အတူ ၂ဝဝ၉ လာအိုဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ တွင်လည်းကောင်း ကိုယ်တိုင်ကိုယ်ကျ သတင်းများ လိုက်ပါရယူခဲ့ပြီး အားကစားပြိုင်ပွဲသတင်းများနှင့် ကိုယ်တွေ့ပြိုင်ပွဲအတွေ့အကြုံဆောင်းပါးများကို ရေးသားပေးပို့ခဲ့သူ ဖြစ်သည်။

 မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ဦးဇင်မင်းမောင်အားတွေ့ရစဉ်

ဦးဇင်မင်းမောင်သည် Eleven Media Group မှ ဖွဲ့စည်းခဲ့ပြီး တတိယတန်းမှ အဆင့်မြင့်တန်းအထိ တက်ရောက်နိုင်ခဲ့သည့် First Eleven FC ဘောလုံးအသင်းတွင်လည်း အသင်းအုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ထို့ပြင် Eleven Media Group မှ ပြုစုထုတ်ဝေခဲ့သော မြန်မာဘောလုံးသမိုင်းမှတ်တမ်းစာအုပ်တွင်လည်း အချက်အလက်မှတ်တမ်းများကို ပါဝင်ရှာဖွေပြုစုခဲ့ပြီး စာအုပ်ထွက်ရှိရေးအတွက် စွမ်းဆောင်ကူညီပေးခဲ့သူဖြစ်ပါသည်။