မွန်ညီညွတ်ရေးပါတီမှ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီ (ခ) မိစန္ဒာနန်နှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်ညီညွတ်ရေးပါတီမှ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီ (ခ) မိစန္ဒာနန်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 11 September 2020
ဘိုဘိုမြင့်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်များအနက် ကျိုက်မရောမဲဆန္ဒနယ်အမှတ် (၁) သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီစုံပါဝင်ကာ ကိုယ်စားလှယ်လောင်းကိုးဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း ခြောက်ဦးအထိပါဝင်ကာ ပြိုင်ဆိုင်မှုပြင်းထန်နိုင်သဖြင့် ယင်းမဲဆန္ဒနယ်တွင် မွန်နှစ်ပါတီပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သော အမျိုးသမီးကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး - ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာလဲ။

ဖြေ - အဓိကက အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က လူငယ်တွေက မူးယစ်ဆေးဝါးစွဲနေသူ များနေတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး လျှော့ချပေးစေချင်ပါတယ်။ နောက်တစ်ချက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့အချက်ပါ။ ကျွန်မတို့ ကျိုက်မရောမြို့နယ်က နှစ်စဉ် ရေကြီးရေလျှံမှုတွေဖြစ်တယ်။ ဒါကို ပြည်သူတွေအတွက် အကောင်းဆုံးပုံစံမျိုးလေးဖြစ်အောင် ဆောင်ရွက်ပေးချင်ပါတယ်။ အဲဒီအပြင် ဒေသခံပြည်သူတွေ စိုးရိမ်နေကြရတဲ့ ကျောက်မီးသွေးလောင်စာသုံး စက်ရုံတွေနဲ့ပတ်သက်ပြီးတော့လည်း အသင့်တော်ဆုံးဖြစ်အောင်၊ တတ်နိုင်တဲ့ဘက်က အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးချင်လို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

မေး - COVID-19 ကူးစက်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ။

ဖြေ - ဒီကိစ္စနဲ့ပတ်သက်လို့ လက်တွေ့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီ COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေက တော်တော်လေးကြောက်ကြတဲ့ သဘောလေးရှိတယ်။ ဥပမာ ရွာတွေမှာက မော်လမြိုင်ကလာတယ်ဆိုရင် ကြောက်နေကြတယ်။ အခုမဲဆွယ်စည်းရုံးရေးဆင်းလာတာကို သွားနားထောင်လို့ရပါ့မလားပေါ့။ အဲဒီလိုဖြစ်နေကြတယ်။ ကျွန်မတို့အနေနဲ့ကလည်း ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မှုမရှိအောင် ကာကွယ်မှုတွေလုပ်ဆောင်သလို သတိလည်း အမြဲတမ်းထားပါတယ်။ အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက ချမှတ်ထားတဲ့ ညွန်ကြားချက်တွေ၊ လမ်းညွန်ချက်တွေအတိုင်းကိုလည်း ဆောင်ရွက်နေပါတယ်။ လူစုလူဝေးလုပ်ဖို့ကလည်း အခက်အခဲရှိတယ်။ တချို့တွေလည်း ဟောပြောပွဲကို လာချင်တယ်။ ဒါပေမဲ့ လူဦးရေ ၅၀ ဦးနဲ့ ကန့်သတ်ထားတော့ ဟောပြောပွဲကို လာချင်ပေမဲ့ မလာရတဲ့သူတွေ အများကြီးရှိတယ်။ ဒီအတွက်လည်း တခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

မေး - ပြည်သူတွေကို မဲဆွယ်စည်းရုံးတဲ့အခါမှာ ဘယ်လိုကတိကဝတ်တွေနဲ့ စည်းရုံးသွားဖို့ရှိသလဲ။

ဖြေ - အဓိကက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး လျှော့ချသွားမယ်။ နောက်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ ကိုယ့်ဒေသနဲ့ ကိုယ့်မွန်ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေ မပျက်ဆီး၊ မပျောက်ပျက်ရလေအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားပါမယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ ရသင့်ရထိုက်တဲ့ ဘတ်ဂျက်အနေအထားအပေါ်မူတည်ပြီးတော့ ဆောင်ရွက်ပေးသွားပါ့မယ်။ နောက်တစ်ချက်က ပြည်သူ့အသံ၊ လွှတ်တော်အသံဖြစ်အောင် လွှတ်တော်အတွင်းကနေ ပြည်သူတွေအတွက် အကောင်းဆုံးကြိုးစားဆောင် ရွက်သွားပေးပါ့မယ်လို့ ကတိကဝတ်ပြုပါတယ်။

မေး - လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင် ဘယ်လိုကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားသလဲ။

ဖြေ - ပထမဆုံးအနေနဲ့ ကျိုက်မရောမြို့နယ်အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့ လုပ်ဆောင်သွားပါမယ်။ နောက်တစ်ချက်က မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ သုံးစွဲမှုတွေ လျှော့ချနိုင်ဖို့အတွက်ကျတော့ ရေရှည်လုပ်ငန်းစဉ်တွေချမှတ်ပြီး လုပ်ဆောင်သွားရပါမယ်။ အဓိက သဘာဝဘေးအန္တရာယ်တွေ လျော့ပါးစေဖို့၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ဆောင်သွားပါ့မယ်။

မေး - နောက်ထပ် ဘာများဖြည့်စွက်ပြောချင်ပါသေးသလဲ။

ဖြေ - ပြည်သူတွေအနေနဲ့ ငါးနှစ်မှတစ်ကြိမ် ကိုယ့်ကိုကိုယ်စားပြုမယ့် ကိုယ်စားလှယ်ကို ရွေးချယ်ခွင့်ရကြတယ်။ ဒီအခွင့်အရေးကို လက်လွတ်အဆုံးရှုံးမခံကြပါနဲ့။ နောက်တစ်ချက်က ကိုယ်စားလှယ်လောင်းကို ရွေးချယ်တဲ့အခါမှာ ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့မြို့နယ်၊ ကိုယ့်ရဲ့ပြည်နယ်အတွက် တကယ်အလုပ်လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပေးကြဖို့နဲ့ အရေးအကြီးဆုံးအချက်က ဒီလိုရွေးချယ်ခွင့်ရဖို့အတွက်ကလည်း ကိုယ်တိုင်က မဲဆန္ဒရှင်စာရင်းထဲမှာ ပါဝင်နေမှရပါမယ်။ ဒါကြောင့် လူတိုင်း မဲစာရင်းစစ်ကြပါ။ မဲစာရင်းမှာမပါရင် ဥပဒေအတိုင်းဆောင် ရွက်ကြပါ။ မဲပေးရမယ့်နေ့မှာလည်း ကိုယ့်ရဲ့အခွင့်အရေးဖြစ်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို အသုံးပြုပြီး မဲလာပေးကြဖို့ တိုက်တွန်းလိုပါတယ်။

​​​​​​​

Most Read

Most Recent