ကယားပြည်နယ်အပါအဝင် ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်အားလုံးတွင် မဲဆွယ်စည်းရုံးမှုစတင်နေပြီး ဘဏ္ဍာရေးအခက်အခဲသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ ပြောကြား

ကယားပြည်နယ်အပါအဝင် ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်အားလုံးတွင် မဲဆွယ်စည်းရုံးမှုစတင်နေပြီး ဘဏ္ဍာရေးအခက်အခဲသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ ပြောကြား
 KNP ပါတီ၏ မဲဆွဲစည်းရုံးရေး လုပ်ရှားမှုများကို တွေ့ရစဉ် (Photo- KNP)
KNP ပါတီ၏ မဲဆွဲစည်းရုံးရေး လုပ်ရှားမှုများကို တွေ့ရစဉ် (Photo- KNP)
Published 11 September 2020
မခိုင်(လွိုင်ကော်)

ကယားပြည်နယ်အပါအဝင် ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်အားလုံးတွင် မဲဆွယ်စည်းရုံးမှုစတင်နေပြီး ဘဏ္ဍာရေးအခက်အခဲသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ လွီးစီငြိမ်း (ခ) ခွန်းဘီထူး (မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်းစားလှယ်လောင်း) က ပြောကြားသည်။

လက်ရှိတွင် ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် ကယန်းအမျိုးသားပါတီ (KNP) အနေဖြင့် COVID-19 ကြောင့် Door to Door စနစ်ဖြင့် လူထုအား သွားရောက်တွေ့ဆုံ၍ စည်းရုံးရေးဆင်းနေရကြောင်းသိရသည်။

“မဲဆွယ်ဖို့အတွက်ကုန်ကျစာရိတ်တွေလည်း ပိုများလာတယ်ပေါ့။ အထူးသဖြင့် ကားတွေကိုခွဲစီးရသလို တစ်ဖက်မှာက လူထုတွေဘက်ကလာရင်လည်း ၆ ပေအကွာထိုင်ခိုင်းတာတို့ mask ဝေတာတို့ Hand Gel ပေးတာတို့ ကျွန်တော်တို့ အချိန်တွေလည်းပိုများတာပေါ့နော်။ အကောင်းဆုံးက လောဆယ် Door to Door သွားပြီးတော့မှပေါ့နော်။ ကျွန်တော်တို့လိုက်တွေ့ လိုက်မိတ်ဆက်တာက အထိရောက်ဆုံးအခြေအနေ ဖြစ်နေတယ်ပေါ့နော်” ဟု မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်းစားလှယ်လောင်း လွီးစီငြိမ်းက ပြောကြားသည်။

မယ်စဲ့မြို့နယ်တွင် မဲရုံရှစ်ရုံရှိပြီး ဌာနေတိုင်းရင်းသား ကယန်းလူမျိုးများအပြင် ရှမ်းတိုင်းရင်းသားနှင့် အခြားတိုင်းရင်းသားများ နေထိုင်ကြပြီး လူဦးရေမှာ ၆၈၀၀ ကျော်ရှိပြီး  မဲပေးခွင့်ရှိသူမှာ ၄၉၀၀ ကျော်ရှိသဖြင့် ၎င်းတို့ထဲမှ ရွေ့ပြောင်းအလုပ်သမားသည် ရက် ၉၀ နေထိုင်ပြီး မဲပေးမည်ကို စိုးရိမ်ရသည့် မြို့နယ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တိုင်းရင်းသားပါတီတွေ အဓိကစိန်ခေါ်မှုက ငွေကြေးပေါ့ ။ KySDP (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ) ဆို ငွေကြေးကြောင့် စာရွက်မရတာကြောင့် ဝေဖို့နောက်ကျတာတွေ့ရတယ်။ စာရွက်ဝေရင်း ဟောပြောဖို့တော့ ကျွန်တော်တို့လုပ်နေတယ်။ ရွေ့ပြောင်းအလုပ်သမားတော်တော်များများကတော့ သူတို့နေရပ်ကနေ ပြန်မဲထည့်မယ်လို့ကြားတယ်။v သူတို့မဲထည့်ဖို့ ရှိ မရှိ နောက်ဆုံးသတင်းအချက်အလက်ကို ပြန်မေးရဦးမယ်” ဟု ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ လွီးစီငြိမ်း (ခ) ခွန်းဘီထူး ကပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကယန်းအမျိုးသားပါတီအနေဖြင့် ကယားပြည်နယ်တွင် ကယန်းတိုင်းရင်းသားများ အများဆုံးနေထိုင်ရာ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်တို့၌ ကိုယ်စားလှယ်လောင်းလေးဦး ဝင်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်တွင် ကယန်းအမျိုးသားပါတီဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး မဲဆွယ်လှုပ်ရှားမှုများကို စတင်နေပြီးဖြစ်ကြောင်းသိရသည်။

ကယန်းအမျိုးသားပါတီသည် ကယန်းတိုင်းရင်းသားများနေထိုင်သည့် နေပြည်တော်ကောင်စီ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း စသည့်နေရာများတွင်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent