ပြည်သူ့ပါတီမှ ကမာရွတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေယံဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူ့ပါတီမှ ကမာရွတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေယံဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 10 September 2020
စည်သူ

အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံမဟာဘွဲ့နှင့် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့များရရှိထားပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ပါတီကိုယ်စားပြု၍ ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနေယံဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည့် အကြောင်းအရာများကို ဖော်ပြလိုက်ပါသည်။

မေး - လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရတာကို ပြောပြပါဦး။

ဖြေ - လွန်ခဲ့တဲ့ခြောက်နှစ်က ကျွန်တော် မြန်မာပြည်မှာ မရှိပါဘူး။ တကယ်တမ်းတော့ ဦးသိန်းစိန် အစိုးရရော၊ NLD အစိုးရရော ကျွန်တော်နဲ့ မပတ်သက်သလို ဖြစ်တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်အစိုးရ စတက်ကတည်းက ကျွန်တော် မြန်မာပြည်က ထွက်သွားလိုက်တာ NLD အစိုးရ ဆုံးခါနီးမှ ကျွန်တော်က ပြန်ရောက်လာတာကိုး။ လွတ်သလို ဖြစ်နေတာပေါ့။ အဓိက နိုင်ငံခြားသွားတာ နိုင်ငံရေးလုပ်ဖို့ သွားတာဗျ။ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ကျွန်တော်နိုင်ငံရေးထဲကို ထဲထဲဝင်ဝင်ပါချင်တယ်။ ပါချင်တော့ နိုင်ငံရေးလုပ်မယ်ဆိုရင် တကယ့်ကို ပညာအခြေခံတဲ့ နိုင်ငံရေးမျိုး လုပ်ချင်တယ်ဆိုတော့ ပြည်ပထွက်ပြီးတော့ ကျောင်းသွားတက်တာပါ။ အမေရိကားမှာ ငါးနှစ်၊ အင်္ဂလန်မှာတစ်နှစ် ကျောင်းတက်တယ်။ သုတေသီလုပ်တယ်။ ဒါနဲ့ကြာသွားတာပါ။ ကျွန်တော်တို့လို ပြည်ပမှာ ပညာသင်ခွင့်ရပြီး ပြန်လာတဲ့သူတွေ မြန်မာပြည်ပြန်ရောက်ရင် လုပ်လေ့လုပ်ထရှိတာ သုံးခုလောက်ရှိတာပေါ့နော်။ နံပါတ်တစ်က သူတို့ အာဏာရပါတီနဲ့ အဆင်ပြေအောင်နေတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီနည်းက ဝန်ကြီးတို့ ဝန်ကလေးတို့ဖြစ်ဖို့ နည်းလမ်းလွယ်တာကိုး။ ဒါက တစ်ချက်ပေါ့။ ဒုတိယအချက်က NGO တွေ Private တွေမှာ ဝင်လုပ်တယ်။ ဒီအလုပ်တွေက နိုင်ငံခြားဘွဲ့ရှိတော့ လစာတော်တော်ကောင်းတယ်။ တတိယအချက်ကတော့ နိုင်ငံရေးသမားလုပ်တာပေါ့နော်။ ကျွန်တော်က လက်ရှိ NGO မှာ လုပ်ပါတယ်။ လစာလည်း ထိုက်သင့်သ၍တော့ ကောင်းပါတယ်။ သို့သော် မြန်မာပြည်မှာ အပြောင်းအလဲတစ်ခုလုပ်မယ်ဆိုရင် ကွင်းထဲကို ဝင်ကန်ဖို့လိုတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲဝင်မယ်ဆိုတော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီအပါအဝင် တခြားကမ်းလှမ်းမှုတွေ ရှိတယ်လို့ သိရတယ်။ ဘာလို့ ပြည်သူ့ပါတီကို ရွေးချယ်ခဲ့တာလဲ။

ဖြေ - နိုင်ငံရေးလောကမှာဆိုရင် ကျွန်တော်က လူငယ်လည်းလူငယ်။ နောက်တစ်ခုက နိုင်ငံရေးဖြတ်သန်းမှုအရ ကြည့်မယ်ဆိုရင်လည်း ကျွန်တော့်နိုင်ငံရေးဖြတ်သန်းမှုက အလွန်နုနယ်တယ်။ နိုင်ငံရေးလောကမှာဆိုရင် ကျွန်တော်က ချာတိတ်ပါ။ တကယ့်ကို ပေါက်စလေးပဲ ရှိပါတယ်။ ၂၀၂၀ မှာ ကျွန်တော် ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ကျွန်တော့်ကို စိတ်ဝင်တစားနဲ့ ကမ်းလှမ်းတဲ့ ပါတီကြီးတွေရှိ တယ်ပေါ့နော်။ သူတို့ကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ကျွန်တော့်လို အခုမှ နိုင်ငံရေးလောကထဲဝင်တဲ့သူကို အသိအမှတ်ပြုပြီး ကမ်းလှမ်းတဲ့အတွက်။ အဲဒီပါတီကြီးတွေထဲက ကျွန်တော်ရွေးချယ်လိုက်တဲ့ပါတီက ပြည်သူ့ပါတီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်တမ်းပြောရရင် နိုင်ငံရေးလုပ်တယ်ဆိုတာက ယုံကြည်ချက်နဲ့လုပ်ရတာကိုး။ ပြည်သူ့ပါတီက နိုင်ငံရေးအရမာတယ်။ ဒုတိယအချက်က ဖြတ်သန်းမှုအရ ကြာတယ်။ ယုံကြည်ချက်အရ သာတယ်။ ပြန်ချုံ့ပြောရရင် ပြည်သူ့ပါတီက နိုင်ငံရေးအရမာတယ်။ ဖြတ်သန်းမှုအရ ကြာတယ်။ ယုံကြည်ချက်အရ သာတယ်။ ဒါကြောင့် ပြည်သူ့ပါတီကို ရွေးချယ်ရခြင်းဖြစ်တယ်။

မေး - NLD ပါတီကဝင်ရင် သိပ်မရုန်းရလောက်ပေမဲ့ ဘာလို့ NLD ပါတီကို မရွေးတာလဲ။

ဖြေ -  NLD ပါတီကို မရွေးချယ်တာ အချက်သုံးချက်ရှိတယ်။ ပါတီက လူပုဂ္ဂိုလ်တစ်ယောက်ကို အခြေပြုနေတာ၊ နောက်အချက်က ဒီမိုကရေစီနှုန်းတွေစံတွေက ဖယ်ခွာလာတာ၊ ပြီးတော့ ဗဟိုချုပ်ကိုင်မှု အားကောင်းတဲ့အတွက်ပါ။ NLD ပါတီကို ဘာကြောင့်မဝင်လဲဆိုရင် ပါတီမှာ ဗဟိုချုပ်ကိုင်မှုကကြီးတယ်။ CEC ကနေ တအားချုပ်ထားတာဖြစ်တဲ့အတွက် အောက်ခြေမှာရှိတဲ့ လွှတ်တော်အမတ်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်မရဘူး။ လွတ်လွတ်လပ်လပ်အဆိုတွေ တင်ခွင့်မရဘူး။ ဆွေးနွေးလို့ မရဘူးဆိုတော့ တကယ်တမ်းတော့ ဒီလိုမဖြစ်သင့်ဘူး။ နိုင်ငံရေးပါတီဆိုတာက တတ်နိုင်သမျှ ဗဟိုချုပ်ကိုင်မှုနည်းသမျှ အကောင်းဆုံးပဲ။ နံပါတ် (၁) က ဗဟိုချုပ်ကိုင်မှုများလို့ NLD ပါတီကို မဝင်ချင်တာ။ နံပါတ် (၂) အချက်ကတော့ ဒီမိုကရေစီနှုန်းတွေ စံတွေကနေ သူတို့ဖယ်ခွာလာတာလေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မလား။ ခေါင်းစဉ်မှာတောင် ဒီမိုကရေစီပါတယ်လေ။ ကျွန်တော်မျှော်လင့်ထားတာ NLD သာ အစိုးရဖြစ်လာမယ်ဆိုရင် ဒီမိုကရေစီနှုန်းတွေ စံတွေကို မြှင့်တင်မယ်။ ပင့်တင်မယ်ထင်တာ လက်တွေ့မှာတော့ လွတ်လပ်စွာပြောဆိုခွင့်၊ အကျင့်ပျက်ခြစားမှု၊ ကောင်းမွန်သောအုပ်ချုပ်ရေး ဒါတွေကို ထိရောက်စွာ မလုပ်နိုင်ဘူး။ ဒီမိုကရေစီကနေ လန်ကျတယ်ဆိုတဲ့အချက် မျိုးတွေဖြစ်ရတယ်။ ဒါကို ကျွန်တော်သဘောမကျဘူး။ နံပါတ် (၃) အချက်ကတော့ နိုင်ငံရေးပါတီတစ်ခုက လူပုဂ္ဂိုလ်တစ်ဦးပေါ်မှာ အခြေတည်တည်ဆောက်ထားတာ မဖြစ်သင့်ဘူးဗျ။ တကယ်တမ်းက လက်ရှိက NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းအပေါ်မှာ အခြေတည် တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒါသည် အလွန်တရာအန္တရာယ်များတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးက အနားယူလိုက်ရင် ဒီပါတီသည် အားနည်းသွားလိမ့်မယ်။ မြန်မာ့နိုင်ငံရေးအစဉ်အလာအရ အစိတ်စိတ်အမြွှာမြွှာကွဲမယ်။ နှစ်ခြမ်းသုံးခြမ်းကွဲမယ်ဆိုတဲ့ အလားအလာတွေရှိတယ်။ အဲဒီတော့ ဖြစ်သင့်တာက လူပုဂ္ဂိုလ်ပေါ်အခြေပြုပြီး နိုင်ငံရေးပါတီ တည်ဆောက်တာထက်စာရင် Ideology အပေါ် အခြေပြုပြီး တည်ဆောက်သင့်တယ်။ ပြန်ချုံ့ရရင်တော့ ဒီအချက်တွေကြောင့် NLD ပါတီကို မဝင်ရတာ ဖြစ်ပါတယ်။

မေး - COVID-19 ကူးစက်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တဲ့အခါမှာ ဘယ်လိုအပြောင်းအလဲတွေရှိလာနိုင်မလဲ။

ဖြေ - လူမစုရရင် မဲဆွယ်ဖို့က အတော်ခက်ခဲသွားပြီ။ ၂၀၁၅ တုန်းက ဗိုလ်စိန်မှန်ကွင်းထဲမှာ လူတွေ အများကြီးထည့်ပြီးတော့ မိန့်ခွန်းတွေ ပြောတယ်။ မဲဆွယ်စည်းရုံးတယ်။ အခု ကိုဗစ်ကာလမှာ အခုအနေအထားဆိုရင်လုပ်လို့ မရဘူးပေ့ါနော်။ လမ်းပေါ်ထွက်ပြီး မဲဆွယ်ဖို့တောင် အတိုင်းအတာတစ်ခုထိ အခက်အခဲတွေဖြစ်တယ်။ ကျွန်တော်တို့ အဓိက သုံးရမှာက အွန်လိုင်းပဲ။ ခုနကပြောခဲ့သလို Facebook ရဲ့ တရားမျှတမှုမရှိခြင်းကိုခံနေရတဲ့ အတိုက်အခံနိုင်ရေးသမားတွေ ပါတီအသေးတွေအတွက်က အလွန်တရာပြဿနာရှိတယ်။ အဲဒီအတွက်လည်း Facebook ကို ဖိအားပေးပြီး တောင်းဆိုဖို့လိုတယ်။ ဒါကိုလည်း ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးသမားတွေနဲ့ လက်တွဲပြီးတော့ တောင်းဆိုပေးဖို့ အကြံပြုချင်တယ်။

မေ - လက်ရှိရွေးကောက်ပွဲကော်မရှင်အပေါ် အစ်ကို့အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ - ရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်လားပေါ့နော်။ ကျွန်တော်တို့ မေးရမှာပေါ့။ ကျွန်တော်က လက်ရှိရွေးကောက်ပွဲကော်မရှင်ကို ဘက်လိုက်တယ်၊ ဘက်မလိုက်ဘူး စွပ်စွဲတာထက်စာရင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့အချက်တွေက တော်တော်လွဲနေတယ်ဆိုတာ ပြောပြချင်တယ်။ ဥက္ကဋ္ဌခန့်တာက ဘယ်သူခန့်လဲဆိုရင် သမ္မတခန့်တယ်။ အာဏာရပါတီက ခန့်တယ်။ ဘယ်လောက်ပဲ ရွေးကောက်ပွဲကော်မရှင်က တရားမျှတစွာ လုပ်လုပ် သူ့ကိုခန့်ထားတဲ့ Boss က ဘယ်သူလဲဆိုရင် အာဏာရပါတီဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးအစိုးရ တက်တက်၊ NLD အစိုးရ တက်တက် နောက်ဆုံး ကျွန်တော်တို့ ပြည်သူ့ပါတီက အစိုးရဖြစ်လာရင်လည်း ရွေးကောက်ပွဲကော်မရှင်က ကျွန်တော်တို့ ခန့်ထားတာဆိုတော့ ဘယ်လိုနည်းနဲ့မဆို ဘက်လိုက်မှုက သံသယတော့ရှိနေမှာပဲ။ ရွေးကော်ကိုခန့်တဲ့ Boss က လက်ရှိ အာဏာရပါတီဖြစ်နေတဲ့အတွက်ပေါ့နော်။ ဒီလိုမဖြစ်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုတယ်။ ရွေးကောက်ပွဲကော်မရှင်က သီးခြားသီးသန့်လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့လိုတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေကို သမ္မတခန့်တယ်ဆိုတာ မလုပ်သင့်ဖို့လိုတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ အာဏာရပါတီကြားမှာ သားကြောဖြတ်ဖို့တော့ လိုတယ်။ ဒါကိုတော့ လုပ်ဖို့လိုတယ်။

မေး - ပိုင်ဆိုင်မှု ချပြသင့်တယ်ဆိုတဲ့အပေါ်မှာရော ဘယ်လိုသဘောထားရှိလဲ။

ဖြေ - နိုင်ငံရေးသမားဆိုတာက လက်အားလုံး ထုတ်ပြထားဖို့လိုတယ်လို့ ထင်တယ်။ ပိုင်ဆိုင်မှုချပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ တောင်းဆိုမထားဘူးဆိုရင်တောင် ကျင့်ဝတ်သိက္ခာအရ ချပြသင့်တယ်။ ထုတ်ပြသင့်တယ်လို့ ထင်တယ်။ ဒေါ်ညိုညိုသင်းကို ကျွန်တော် အရမ်းကျေးဇူးတင်တယ။် ၂၀၁၅ တုန်းက သူ့မှာရှိတဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ထုတ်ပြတယ်။ ကျွန်တော် အလွန်တရာကြိုက်တယ်။ စတန့်ထွင်တာ မဟုတ်ဘူး။ သူ့မှာရှိတဲ့ လက်အားလုံးထုတ်ပြမှုကို ပြတာပေါ့နော်။ ဒါမျိုးကိုလည်း တခြားနိုင်ငံရေးသမားတွေကိုလည်း လုပ်ဖို့ အကြံပေးချင်တယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်တာ စားဖို့မဟုတ်ဘူး။ ငွေကြေးတစ်စုံတစ်ရာ ပတ်သက်မှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ရထားတဲ့ ပိုက်ဆံတွေကလည်း ငွေမည်းတွေ မဟုတ်ဘူးဆိုရင်တော့ ပိုင်ဆိုင်မှုတစ်စုံတစ်ရာထုတ်ပြတာ ဘာမှ ပြဿနာရှိတယ်လို့တော့ မထင်ဘူး။ ကျွန်တော့်လိုပဲ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေကို အကြံပြုချင်တာက ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ပြသင့်တယ်။ ထုတ်ပြပါလို့ အကြံပြုချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေကို ၂၀၂၀ ရွေးကောက်ပွဲမှာ ထုတ်ပြသွားမယ်။ တစ်ခုတော့ရှိတယ်၊ ကျွန်တော်သည် ပါတီဝင်ဖြစ်သွားတဲ့အတွက် တစ်ယောက်တည်းလုပ်လို့တော့ မရတော့ဘူး။ ပါတီဘက်ကိုတော့ မေးဖို့လိုတာလေးတွေ ရှိပါတယ်။

မေး - ရွေးကောက်ပွဲမှာရော ဘယ်လိုမျှော်လင့်ထားလဲ ဘာတွေရော မျှော်မှန်းထားလဲ။

ဖြေ - ကျွန်တော်တော်တို့ ရွေးကောက်ပွဲဝင်တယ်ဆိုကတည်းက နိုင်အောင်ပြိုင်ဖို့ ဝင်တာပေါ့နော်။ မနိုင်ရင်တော့ မဝင်တာပိုကောင်းပါတယ်။ ကျွန်တော်တို့ ပါတီအသေးဆိုသော်ငြားလည်း ကျွန်တော်တို့မှာ အားသာချက်တွေရှိတယ်။ သုတေသနကို ကောင်းကောင်းလုပ်နိုင်တယ်။ ကျွန်တော်တို့မှာ မော်ဒန်မဲဆွယ်စည်းရုံးနည်းနာတွေကို သိတယ်ပေ့ါနော်။ ဒီလိုနည်းလမ်းတွေနဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ရွေးကောက်ပွဲကမ်ပိန်းတစ်ခုကို လုပ်သွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့က နိုင်ငံရေးသစ်ကို သွားချင်တာဗျ။ ရွေးကောက်ပွဲတစ်ပွဲစာထက် ကျွန်တော်တော်တို့ ပိုပြီးစိတ်ဝင်စားတာက အနှစ် ၃၀ မြန်မာပြည် ဘယ်လိုရောက်နေမလဲဆိုတာ ပိုပြီးစိတ်ဝင်စားတယ်။ ရွေးကောက်ပွဲတစ်ပွဲမှာ နိုင်ခြင်း ရှုံးခြင်းထက် အနှစ် ၃၀ ကျွန်တော်တို့ တိုင်းပြည် ဘယ်ကိုရောက်နေမလဲဆိုတာ ပိုစိတ်ဝင်စားတာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးအသစ် ပညာအခြေခံတဲ့ နှုန်းစံအခြေပြုတဲ့ လူမချတဲ့ သန့်သန့်ရှင်းရှင်း ဆော့တဲ့ နိုင်ငံရေးအသစ်ဆိုတဲ့ အိုင်ဒီယာကို ပြည်သူလူထုကို မိတ်ဆက်ပေးနိုင်ပြီဆိုရင်တောင်မှ ကျွန်တော်တို့ နိုင်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာများပြောချင်ပါသလဲ။

ဖြေ-  မဲဆန္ဒရှင်တွေကို ပြောချင်တာက တကယ့်ကို နှုန်းတွေ စံတွေနဲ့ အခြေပြုပြီးတော့ ချဉ်းကပ်တဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကို စောင့်ကြည့်စေချင်တယ်လို့ ပြောချင်တယ်။ အခုကြုံရတာက လူတွေက နိုင်ငံရေးသမားတွေကို စိတ်ပျက်တယ်လေ။ တချို့ဆို ရွံရှာတဲ့အထဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာမရခင်က တစ်မျိုး အာဏာရတော့အချိုးတွေက ပြောင်းသွားတယ်။ ဒါ ရပ်ကွက်ထဲမှာ အမြဲကြားရတာ။ ဒီလိုမျိုးအနေအထားတစ်ခုကနေ ဖယ်ခွာမယ်။ ကျွန်တော်တို့က နိုင်ငံရေးကို နှုန်းတွေစံတွေ အခြေပြုပြီး ချဉ်းကပ်မယ်။ တကယ့်ကို ကိုယ်စားပြုခြင်းကို ဖော်ဆောင်မယ်။ စစ်မှန်တဲ့ ကိုယ်စားပြုခြင်း အစစ်ကို ဖော်ဆောင်ပေးမယ့် နိုင်ငံရေးသမားမျိုးတွေ နိုင်ငံရေးသစ်ကိုသွားချင်တဲ့ နိုင်ငံရေးသမားမျိုးတွေကိုတော့ တစ်ချက်လောက် သတိထားအာရုံစိုက်ပြီးတော့ လေ့လာအကဲဖြတ် သုံးသပ်ပေးဖို့တော့ ကျွန်တော်က ဖိတ်ခေါ်ပါတယ်။

 

Most Read

Most Recent