၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီကြော်ငြာဆိုင်းဘုတ်ထောင်ရန် စည်ပင်ကို တရားဝင်လျှောက်သော်လည်း ပြဿနာဖြစ်ပါက ပါတီကတာဝန်ယူရမည်ဆိုသည့် ပြောဆိုမှုများရှိကြောင်း PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီကြော်ငြာဆိုင်းဘုတ်ထောင်ရန် စည်ပင်ကို တရားဝင်လျှောက်သော်လည်း ပြဿနာဖြစ်ပါက ပါတီကတာဝန်ယူရမည်ဆိုသည့် ပြောဆိုမှုများရှိကြောင်း PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြောကြား
Published 8 September 2020
ပြည့်ဖြိုးအောင်

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီကြော်ငြာဆိုင်းဘုတ်ထောင်ရန် စည်ပင်ကို တရားဝင် လျှောက်သော်လည်း ပြဿနာဖြစ်ပါက ပါတီကတာဝန်ယူရမည်ဆိုသည့် ပြောဆိုမှုများ ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

စက်တင်ဘာ ၈ ရက်က မရမ်းကုန်းမြို့နယ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ မဲဆွယ်စည်းရုံးမှု စတင်ပြုလုပ်ပြီးနောက် မီဒီယာများအား ဖြေကြားရာ၌ ဒေါက်တာသက်သက်ခိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်မတို့ Billboard တွေ ထောင်ပါတယ်။ Billboard ထောင်တဲ့နေရာမှာ စည်ပင်ကိုလည်း နေရာအတိအကျနဲ့ ဒီလို Billboard ကို ထောင်မယ်။ ဒီလိုနေရာအတိအကျနဲ့ ပြောထားပေမဲ့လည်း စည်ပင်က ကိုယ့်တာဝန်ကိုယ်ယူပါ။ ပြဿနာဖြစ်ရင် ပါတီက ကိုယ့်တာဝန်ကိုယူပါဆိုတဲ့ ပုံစံမျိုးနဲ့ အကြောက်တရားတွေ ရှိနေတာကို တွေ့ရတယ်။ ကျွန်မတို့ မရမ်းကုန်းမြို့နယ်ထဲမှာဆိုရင်လည်း မရမ်းကုန်းမြို့နယ်ကလည်း အကြီးကြီးပဲဆိုတော့ ကျွန်မတို့က Billboard ၅၂ ခုထောင်မှာပေါ့နော်။ အခုအကုန်လုံးစိုက်လို့ မရသေးပါဘူး။ စည်ပင်ကိုလည်း တရားဝင်လျှောက်ပြီးပြီ။ ငွေလည်းသွင်းပြီးပြီ။ သို့သော်လည်း စည်ပင်ကနေပြီးတော့မှ ရှောရှောရှူရှူနဲ့ လက်သင့်မခံတာပေါ့။ ပြဿနာဖြစ်ရင် တာဝန်ယူမလားတို့ ဘာတို့ပေါ့လေ” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ပါတီများ၊ ကိုယ်စားလှယ်လောင်းများက မဲဆွယ်ပိုင်ခွင့်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်က ရက် ၆၀ မဲဆွယ် စည်းရုံးရန် တရားဝင်ထုတ်ပြန်ထားကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

“ ၂၀၁၅ တုန်းကလည်း Billlboard တွေ ထောင်ခဲ့တယ်။ တစ်အိမ်တက်ဆင်းဝေခဲ့တယ်။ ဒါတွေကတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျွန်မအနေနဲ့ ဒုတိယအကြိမ်ဝင်ပြိုင်တဲ့အချိန်မှာ ဒီတစ်ခေါက်တော့ နည်းနည်း ကသိကအောင့်တွေ ရှိပါတယ်။ ဟိုဟာဆိုရင် အထက်က ညွှန်ကြားစာ မလာသေးဘူးဆိုပြီးတော့မှ ရှောရှောရှူရှူ မဖြစ်တာလည်း တွေ့ရပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပါတီအသစ်ဖြစ်ပြီး ဇူလိုင် ၁ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (PPP) က ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးဆောင်ရွက်နိုင်ကြောင်း ကြေညာချိန်မှစ၍ ပါတီအကြောင်း သိကောင်းစရာ စာရွက်စာတမ်းများကို ပြည်သူလူထုထံ ဖြန့်ဝေခဲ့ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

“ ကျွန်မတို့ပါတီရဲ့ ကတိကတော့ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ငြိမ်းချမ်းခြင်းသွားမယ်ဆိုတဲ့ လမ်းကြောင်းပေါ့။ အဲဒါကြောင့်မို့လို့ လူမှုစီးပွားတိုးတက်ရေးကို အဓိကလုပ်မယ်။ အဲဒါကြောင့် ကျွန်မတို့ပါတီရဲ့ ဆောင်ပုဒ်ကတော့ လူထုဘဝအဓိကပေါ့နော်။ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝက အရေးကြီးတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထု၏မဲများဖြင့် အဖွဲ့အစည်းတစ်ခုကို အချုပ်အခြာအာဏာ အပ်နှင်း၍ တိုင်းပြည်အရေးကိစ္စများကို စီမံခန့်ခွဲရန်အတွက် ရွေးချယ်ပွဲဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် မဲထွက်ပေးရန် တိုက်တွန်းလိုကြောင်း ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာတွင် ဒေါ်သက်သက်ခိုင်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ နေရာတွင် ဦးကျော်ဇေယျ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နေရာတွင် ဦးသီဟစိုး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာတွင် ဦးအောင်မျိုးခိုင် (ခ) ကိုသားချစ်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent