COVID - 19 ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်သော အခြေအနေတစ်ခုထိ ဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်ပါက ရွေးကောက်ပွဲကို ရွေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပြောကြား

COVID - 19 ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်သော အခြေအနေတစ်ခုထိ ဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်ပါက ရွေးကောက်ပွဲကို ရွေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပြောကြား
Published 8 September 2020
စည်သူ

COVID-19 ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်သော အခြေအနေတစ်ခုထိ ဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်ပါက ရွေးကောက်ပွဲကို ရွေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ကမာရွတ်မြို့နယ်ရှိ ပြည်သူ့ပါတီရုံးခန်း၌ စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီတွင် ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်၍ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးရဲနိုင်အောင်နှင့် ကမာရွတ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနေယံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နီလာခိုင်တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုထိ ဦးစားပေးပြီး ဆောင်ရွက်သင့်တယ်။ လိုအပ်ရင် ရွေးကောက်ပွဲ ရွေ့ဆိုင်းသင့်တယ်။ ရွေ့ဆိုင်းတာက နိုင်ငံရေးအရ အကြပ်အတည်းဖြစ်နိုင်တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ လွှတ်တော်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလွှတ်တော်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုပျက်မယ်။  အဲဒီနောက်ပိုင်းထိ ရွေ့ရင်တော့ အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်သွားပြီးတော့ ကာလုံခေါ်ဖို့တို့ ဘာတို့ အစရှိတဲ့ နိုင်ငံရေးအရ အကြပ်အတည်း ဖြစ်သွားနိုင်တာတွေရှိပါတယ်။  သို့သော် ဘယ်လောက်ထိတော့ ရွေ့လို့ရလဲဆိုတော့ ဒီဇင်ဘာလကုန်လောက်အထိ ရွေ့လို့ရတယ်။ ရွေ့လိုက်ရင် ဇန်နဝါရီလထဲမှာ ရွေးကောက်ပွဲ အတည်ပြု စာရင်းထွက်ပြီးသွားရင်  လွှတ်တော်သက်တမ်း မကုန်ခင်မှာ ဆက်စပ်နိုင်လောက်ထိ ရွေ့ဆိုင်းလို့ရတယ်" ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ရွေးကောက်ပွဲ ရွေ့ဆိုင်းသည်ဖြစ်စေ မရွေ့ဆိုင်းသည်ဖြစ်စေ ပြဋ္ဌာန်းချက်အရ ရွေးကောက်ပွဲ ဝင်ရမည်ဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေတွင် ဥပဒေအကန့်အသတ်ကြောင့် လုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း၊ COVID-19 ရောဂါအခြေအနေနှင့် ရွေးကောက်ပွဲကိစ္စများအတွက် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ရွေးကောက်ပွဲကော်မရှင်ကို စာပေးပို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး လာမည့် ရွေးကောက်ပွဲကို တတ်စွမ်းသမျှ အများပြည်သူ ထိခိုက်မှုမရှိသော နည်းလမ်းများဖြင့် ပါတီမူဝါဒ သဘောထားများ၊ ကိုယ်စားလှယ်လောင်းများ၏ တစ်ဦးချင်းအရည်အသွေး ဖြတ်သန်းမှုများအား ထုတ်ပြန်ကြေညာခြင်းကို အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့  အွန်လိုင်းပေါ်မှ လုပ်ဆောင်ရာတွင်လည်း  မျှတမှုမရှိဘဲ မြေပြင်နှင့် ဝေဟင်ပါ မမျှမတ ဖြစ်နေသည့် အခြေအနေသည် ရွေးကောက်ပွဲ လွတ်လပ်သန့်ရှင်းမျှတရန်အတွက် စိန်ခေါ်မှုများ အများကြီး ရှိနေကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်ကို အနိုင်ရပါတီက ခန့်အပ်ပြီး စိတ်ကြိုက်ဆုံးဖြတ်ခွင့်ရနေသည့်ကိစ္စသည် လွတ်လပ်မျှတသော ရွေးကောက်ပွဲများဖြစ်ရန် မူအရကို၌က ပြင်ဆင်ရမည့် ကိစ္စဖြစ်သည်ကို ယခုကာလ အတွေ့အကြုံများအရဆိုပါက ပိုထင်ရှားလာကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌက ပြောကြားသည်။

 

Most Read

Most Recent