စံနှုန်းနှစ်မျိုးနှင့် ဒီမိုကရေစီ

စံနှုန်းနှစ်မျိုးနှင့် ဒီမိုကရေစီ
Published 7 September 2020

စံနှုန်းနှစ်မျိုး (Double Standard) ဟူသည် သဘောတရားအရ တူညီသည့် အနေအထားနှစ်ရပ်အတွက် ကွဲပြားခြားနားသော သဘောတရားများကို ကျင့်သုံးခြင်းဖြစ်ပြီး  ဘက်တစ်ဖက်ထက် အခြားဘက်တစ်ဖက်ကို ကင်းလွတ်ခွင့်ပေးသည့် အခါမျိုး၌ အသုံးပြုလေ့ရှိသည်။ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော လူများ၊ အခြေအနေရပ်များ သို့မဟုတ် ဖြစ်ရပ်များတွင် တူညီသော နည်းလမ်းအတိုင်း ကျင့်သုံး ဆက်ဆံရမည်ဖြစ်သော်လည်း ကွဲပြားခြားနားစွာ ကျင့်သုံးဆက်ဆံသည့်အခါ စံနှုန်းနှစ်မျိုးဟူသည့် စကားရပ် ပေါ်ပေါက် လာသည်။ ထို့ကြောင့် စံနှုန်းနှစ်မျိုးကို ဘက်လိုက်သော သို့မဟုတ် တရားမျှတမှု မရှိသော ကျင့်သုံးမှုဟုဆိုနိုင်သည်။ မည်သို့ပင်ဆိုစေ၊ သဘောတရားရေး၌ ဒီမိုကရေစီဟု အသံကောင်းဟစ်လျက် လက်တွေ့ ကျင့်သုံးမှုတွင် စံနှုန်းနှစ်မျိုးဖြစ်နေလျှင် ဆိတ်ခေါင်းချိတ်လျက် ခွေးသားရောင်းနေသည်ဟုသာ ဆိုရမည်ဖြစ်သည်။ ဒီမိုကရေစီ၏ အရေးကြီးသော စံနှုန်း များကို ကြည့်ပါက အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

(၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့် ရှိရမည် - ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆိုင် စနစ်ဖြစ်သည်။ အများအကျိုးအတွက် အများက ယုံကြည်အားထားနိုင်သူများက ကိုယ်စားပြုဆောင်ရွက်ရန်ဖြစ်သည်။ အကြောင်းအရာတစ်ခုခု ပြုလုပ်မည်ဆိုလျှင် မိမိ၏လုပ်ဆောင်ချက်များသည် နိုင်ငံသားများအတွက် အကျိုးဖြစ်စေနိုင်မှု ရှိ၊ မရှိ ဆင်ခြင်သုံး သပ်ကြရမည်ဖြစ်သည်။ နိုင်ငံသားများ၏အသံကို နားထောင်ခြင်းအားဖြင့် နိုင်ငံသားများ အား ပါဝင်ဆောင်ရွက်ခွင့် ရှိစေနိုင်ရမည်ဖြစ်သည်။

(၂) တန်းတူညီမျှ ရှိစေရမည် - လူတိုင်းတွင် အနည်းနှင့်အများ အတ္တစိတ်များ ရှိ ကြသည်ဖြစ်ရာ အတ္တများ လွန်ကဲပြီး စိတ်ထင်တိုင်း ပြုလုပ်ကြမည်ဆိုလျှင် ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ဒဏ်ခတ်မှုအား မလွဲမသွေ ခံကြရမည်ဖြစ်သည်။ နိုင်ငံသားများ၏ အကျိုးကို မငဲ့ဘဲ မျက်ကွယ်ပြုဆောင်ရွက် လုပ်ကိုင်မည်ဆိုလျှင် လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီစနစ် ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ်ကျသော တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

(၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည် - သည်းခံခွင့်လွှတ်စိတ် ထားရှိနိုင်မှုသည် အလွန်မွန်မြတ်သော စိတ်ဓာတ်ပင်ဖြစ်သည်။ နိုင်ငံ၏အရေးနှင့် နိုင်ငံသားများ၏အရေးအတွက် ဆောင်ရွက်ကြရာတွင် ဒီမိုကရေစီ ဘက်တော်သားတိုင်းသည် ဒီမိုကရေစီနိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိကြရမည်ဖြစ်သည်။ ဆိုးယုတ်သောစိတ်ထားများကို ဖယ်ရှားရှောင်ကြဉ်ပြီး မွန်မြတ်သန့်ရှင်းသော စိတ်ထားများ မွေးမြူကာ နိုင်ငံတော်အတွက် ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

(၄) တာဝန်ယူမှု ရှိရမည် - လူတစ်ဦးချင်းစီက မိမိတို့ လုပ်ဆောင်ကြရမည့် လုပ်ငန်းများ ပြီးမြောက်အောင် ရလဒ်များ ကောင်းမွန်အောင် လုပ်ဆောင်ကြရမည်ကို သိရှိပြီး မိမိတို့ လုပ်ဆောင်ရမည့်လုပ်ငန်းများအတွက် တာဝန်ယူမှုများ ထားရှိရမည် ဖြစ်သည်။ တာဝန် ယူဆောင်ရွက်နိုင်မှု ရှိလေလေ အများယုံကြည်မှု ပိုမိုရရှိနိုင်လေလေ ဖြစ်သည်။

(၅) ပွင့်လင်းမြင်သာမှု ရှိရမည် - နိုင်ငံတိုင်းတွင် အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများနှင့် နိုင်ငံသားများကို ကိုယ်စားပြုလျက် အုပ်ချုပ် စီမံ ခန့်ခွဲကြရသူများအကြား ပွင့်လင်းမြင်သာမှုက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး ယင်းက နိုင်ငံသားများနှင့် အစိုးရအကြား ယုံကြည်မှုကို မြဲမြံခိုင်မာစေမည်ဖြစ်သည်။

(၆) လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်မှု ပုံမှန်ရှိရမည် - ဒီမိုကရေစီ နိုင်ငံတိုင်းတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်မှုများကို လေးနှစ် တစ်ကြိမ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ကြသည်။ ထိုကဲ့သို့သော ရွေးချယ်မှုမျိုး တွင် ပြည်သူလူထု၏ သဘောထားဆန္ဒများအတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး တင်မြှောက်နိုင်ရမည်ဖြစ်သည်။

(၇) စီးပွားရေး လွတ်လပ်ခွင့် ရှိရမည် - နိုင်ငံများတွင် စီးပွားရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရများသည် ထိန်းချုပ်မှုများ ပြုလုပ်သည့်အခါတွင် မလိုလားအပ်သော ကုန်စျေး နှုန်း မြင့်တက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်နိုင် သည့်အတွက် ဒီမိုကရေစီနှင့် တွဲဖက်၍ ဖော်ဆောင်ရမည့် စီးပွားရေးစနစ်သည် လွတ်လပ် သော စျေးကွက်စီးပွားရေးစနစ်ပင် ဖြစ်သည်။

(၈) အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရ မည် -  အာဏာအသုံးချမှု လွဲမှားလျှင် ခြစားမှုများ၊ မတော်မတရားမှုများ ဖြစ်လာနိုင်သည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်များ၏ သဘောတူညီမှုအတိုင်း လုပ်ဆောင်ကြရမည် ဖြစ်သောကြောင့် လူတစ်ဦးတစ်ယောက်ထံတွင် အာဏာစုပုံမှုမျိုး မရှိသဖြင့် မတရားမှုများ ပေါ်ပေါက်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လျှင် လွှတ်တော်အဆင့်ဆင့်က ထိန်းချုပ်ရ မည်ဖြစ်သည်။

(၉) ဥပဒေကို လေးစားလိုက်နာကြရမည် - ဥပဒေက မည်သို့ပင်ရှိစေ၊ လုပ်ချင်သလို လုပ်မည်ဆိုလျှင် ဥပဒေကို မလေးစားခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင်သာမက မည် သည့်စနစ်၌မဆို ဥပဒေကို လူတိုင်း လေးစား လိုက်နာကြရမည်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရပါ။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူ့ထံမှ ဆင်းသက်လာ သော အာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်ပါ ကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ  ၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent