အသင်း၏ကွင်းအတွင်းရှိ လက်မှတ်ကြေးအကြီးဆုံးနေရာတွင် ပရိသတ် (၄၀၀၀)ခန့်ကို ကြည့်ရှုခွင့်ပြုနိုင်ရန်အတွက် စပါးအသင်း မျှော်လင့်နေ

အသင်း၏ကွင်းအတွင်းရှိ လက်မှတ်ကြေးအကြီးဆုံးနေရာတွင် ပရိသတ် (၄၀၀၀)ခန့်ကို ကြည့်ရှုခွင့်ပြုနိုင်ရန်အတွက် စပါးအသင်း မျှော်လင့်နေ
Photo: talksport
Photo: talksport
Published 7 September 2020

စပါးအသင်းသည် ၎င်းတို့၏ အိမ်ကွင်းဖြစ်သည့် Tottenham Hotspur ကွင်းတွင် ပရိသတ်အချို့ကို ဝင်ရောက်ကြည့်ရှုခွင့်ပြုနိုင်ရန်အတွက် မျှော်လင့်နေကြောင်း သိရှိရသည်။ ကွင်းအတွင်းရှိ လက်မှတ်ကြေးအကြီးဆုံး နေရာဖြစ်သော Corporate Area တွင် ပရိသတ်ထက်ဝက် နီးပါးအရေအတွက်ဖြစ်သည့် လူ (၄၀၀၀)ခန့်ဝင်ရောက်ကြည့်ရှုနိုင်ရန် စပါးအသင်းက မျှော်လင့်နေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်္ဂလန်တွင် ဘောလုံးပွဲများ ရပ်နားခဲ့ရပြီး ပြန်လည်ကစားရာတွင် ပရိသတ်ဝင်ခွင့်မပြုဘဲ ကွင်းပိတ်ကစားခဲ့သည်။ သို့သော် ပရီးမီးယားလိဂ်အသင်း အများစုမှာ ကွင်းဝင်ကြေးဝင်ငွေများစွာထိခိုက်နစ်နာသည့်အတွက် ပရိသတ်များဝင်ရောက်ကြည့်ရှုနိုင်မည့်နည်းလမ်းအမျိုးမျိုးကိုစဉ်းစားလျက်ရှိနေသည်။ လာမည့် ၂၀၂၀-၂၁ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပရိသတ်များကို အကန့်အသတ်ဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ပြုရန် ဗြိတိန်အစိုးရတာဝန်ရှိသူများက စဉ်းစားထားကြောင်း အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ စပါးအသင်းဥက္ကဋ္ဌ လီဗီအပါအဝင် အသင်းတာဝန်ရှိသူများက ပရိသတ် (၉၀၀၀)ခန့် ဝင်ရောက်ကြည့်ရှုနိုင်သည့် လက်မှတ်ကြေးအကြီးဆုံးနေရာတွင် ပရိသတ်အချို့ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။ အကယ်၍ အစိုးရက ပရိသတ်များ ဝင်ရောက်ကြည့်ရှုရန် ခွင့်ပြုမည်ဆိုပါက ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများအတိုင်း ပရိသတ်များကို ထိန်းသိမ်းနိုင်မည်ဟု စပါးဥက္ကဋ္ဌလီဗီက ယုံကြည်ထားကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

စပါးအသင်း၏ Tottenham Hotspur ကွင်းသစ်မှာ ပရိသတ် (၆၂၀၀၀)ကျော်ဝင်ဆံ့ရာ ပရိသတ် (၄၀၀၀)ခန့်ကို ထိန်းသိမ်းရခြင်းမှာ များစွာလွယ်ကူမည်ဟု လီဗီက ယုံကြည်ထားကြောင်း သိရှိရသည်။ စပါးအသင်းသည် Tottenham Hotspur  ကွင်းသစ်အား ပေါင်(၁)ဘီလီယံကျော်အကုန် အကျခံကာ ပြန်လည်တည်ဆောက်ထားပြီး ၂၀၁၉ ဧပြီလတွင်မှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ယင်းကွင်းသစ်တွင် ပရိသတ်များမပါဝင်ဘဲ ဘောလုံးပွဲများကျင်းပရခြင်းကို လီဗီအနေဖြင့် အဆုံးသတ်လိုနေပြီး ပရိသတ်များပြန်လည်ဝင်ရောက်နိုင်မည့်နည်းလမ်းများကို စဉ်းစားနေခြင်းဖြစ်သည်။ 

    

ယင်းကဲ့သို့လက်မှတ်ကြေးအကြီးဆုံးနေရာတွင် ပရိသတ် (၄၀၀၀)ခန့်ကို ကြည့်ရှုခွင့်ပေးခြင်းဖြင့် လာမည့်ရာသီတွင် ကွင်းဝင်ကြေးဝင်ငွေ ပေါင်(၁.၅)သန်းခန့်ရရှိရန် စပါးအသင်းက မျှော်လင့်နေကြောင်း သိရှိရသည်။ ယင်းနေရာရှိ လက်မှတ်များတွင် ကြေးအကြီးဆုံးလက်မှတ်မှာ Executive Box အတွင်းရှိ ထိုင်ခုံနေရာများဖြစ်ပြီး တစ်ပွဲလက်မှတ်တန်ဖိုးမှာ ပေါင် (၈၀၀)ခန့် (မြန်မာငွေ ၁၄ သိန်းကျော်ခန့်)တန်ကြေး ရှိကြောင်းသိရသည်။ ယင်းနေရာတွင် စျေးအနည်းဆုံး လက်မှတ်မှာ ပေါင် (၂၅၀)ခန့် (မြန်မာငွေ ၄ သိန်းခွဲနီးပါး) တန်ကြေးရှိကြောင်း သိရှိရသည်။ 

စပါးဥက္ကဋ္ဌလီဗီသည် ကွင်းအတွင်း၌ ပရိသတ်များကို စမ်းသပ်ဝင်ရောက်ကြည့်ရှုခွင့်ပေးမည့် Test Event ပွဲတစ် ပွဲကစားခွင့်ရရှိရန်လည်း မျှော်လင့်နေပြီး ကွင်းဝင်ဆံ့သူဦးရေ၏ ထက်ဝက်ဖြစ်သည့် ပရိသတ်(၃၁၀၀၀)အထိ ကြည့်ရှုနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။ မကြာသေးမီက လန်ဒန်ကလပ်အသင်းတစ်သင်းဖြစ်သည့် ချယ်လ်ဆီးအသင်းသည် ဘရိုက်တန်အသင်း၏ Amex ကွင်းတွင် ခြေစမ်းပွဲတစ်ပွဲကစားခဲ့ပြီး  ယင်းပွဲတွင် ပရိသတ်(၂၅၀၀)ခန့်ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးကာ Social Distancing စည်းမျဉ်းများနှင့်ကိုက်ညီမှု ရှိ၊ မရှိစမ်းသပ်ခဲ့သည်။

Most Read

Most Recent