ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ခဲ့မှု၌ ထောက်ခံခဲ့သည့် ၁၆ မဲအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ငါးမဲပါဝင်ပြီး တစ်ဦးတစ်ဖွဲ့တည်းက ဖြုတ်ချ၍မရဘဲ စုပေါင်းဆုံးဖြတ်သည့်ကိစ္စဖြစ်ကြောင်း ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက စက်တင်ဘာ ၅ ရက်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ရှင်းလင်းပြောကြားသည်။
ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်တွင်း မဲပေးပိုင်ခွင့်ရှိသည့်အရေအတွက်မှာ NLD ပါတီမှ ကိုးမဲ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ တစ်မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ လေးမဲ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်မှ ငါးမဲနှင့် တစ်သီးပုဂ္ဂလ (ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ) တစ်မဲ စုစုပေါင်း မဲအရေအတွက် ၂၀ မဲတွင် စွပ်စွဲပြစ်တင်မှုအား ထောက်ခံမဲ ၁၆ မဲ ကန့်ကွက်မဲ လေးမဲရရှိသောကြောင့် ထောက်ခံမဲသုံးပုံနှစ်ပုံရရှိပြီး လွှတ်တော်က စွပ်စွဲပြစ်တင်မှုကိုအတည်ပြုကာ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ ပြည်ခိုင်ဖြိုးရယ်။ တပ်ရယ်။ ကျွန်တော်ရယ်။ တိုင်းရင်းသားရယ်ပေါင်းရင်တောင်မှ မပြည့်သေးပါဘူး။ မပြည့်သေးတဲ့အခါမှာ သူတို့အားလုံး ၁၆ မဲရတဲ့နေရာမှာက NLD အဖွဲ့က ငါးမဲပါတယ်။ ဒါကတော့ သူတို့စဉ်းစားဖို့ သင့်တာပေါ့။ လက်ရှိအနေအထားမှာ ကျွန်တော်တို့ ဘယ်လိုပြောမလည်း မှန်ကန်လို့ မဲပေးခဲ့တယ်လို့ ကျွန်တော်မြင်တယ်ပေါ့။ ကျွန်တော်တို့ ဒါကတော့ သူတို့အပိုင်းက ရှုံးနိမ့်သွားတာအပေါ် အရေးယူမယ် ဘာမယ်ဆိုတာ မဝေဖန်ချင်ပါဘူး။ ဒါကသူတို့ရဲ့ စည်းကမ်းစည်းမျဉ်းအရ သူ့ရဲ့လုပ်ပိုင်ခွင့် ရှိတယ်ပေါ့။ ကျွန်တော်ပြောပြချင်တာက ကျွန်တော်တို့လွှတ်တော်ဥက္ကဋ္ဌက တစ်ယောက်တည်းကလည်း ဖြုတ်ချလို့မရဘူး။ ပြည်ခိုင်ဖြိုးက တစ်ဖွဲ့တည်း ဖြုတ်ချလို့မရဘူး။ စစ်တပ်ကလည်း တစ်ဖွဲ့တည်းနဲ့ ဖြုတ်ချလို့မရဘူး။ ကျွန်တော်တို့ သုံးပုံ နှစ်ပုံရဖို့ဆိုတာအားလုံးပဲ လွှတ်တော်ထဲမှာ စုပေါင်းပြီးမှ ဆုံးဖြတ်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကို သမ္မတအနေနဲ့ တကယ်မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီးမှ ဝန်ကြီးချုပ်ကို အနားပေးလိုက်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက သတင်းထောက်များကို ပြောကြားသည်။
ယခုပေါ်ပေါက်သည့်ကိစ္စသည် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ်အခြေခံခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာကို တစ်ကျပ်မျှ အလွဲသုံးစားလုပ်၍မရကြောင်း ၎င်းက ပြောကြားသည်။
ထိုသို့ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းဖြစ်စဉ်တွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ရှုမြင်ကြောင်း NLD ပါတီက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ ဒါကသူတို့ကသာ အာဃတထားပြီး လုပ်တယ်တဲ့မဟုတ်ပါဘူး။ ပြည်သူ့ဘဏ္ဍာဖြစ်တဲ့အတွက်ကို ကျွန်တော်တို့က အထူးအလေးထားပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့အရမှာ အထူး အလေးထားပြီးလုပ်တဲ့ကိစ္စပါ။ ဒါလည်းပဲ ဘောင်မကျော်အောင်လို့ ကျွန်တော်တို့က ဒီ ခုန ၂၆၃ ထဲမှာပဲ နေထိုင်ပြီးလုပ်သွားတဲ့ကိစ္စ။ အခုလက်ရှိပေါ့၊ ပြီးသွားပြီဆိုပေမယ့် ကျွန်တော်တို့က ဝန်ကြီးချုပ်က သမ္မတကို တာဝန်ခံရတဲ့အတွက် သမ္မတနဲ့ပဲဆိုင်သွားပြီလို့ ကျွန်တော်တော့သုံးသပ်ပါတယ်။ ကျွန်တော်တို့ဘက်က လွှတ်တော်အပိုင်းက ဥပဒေပြုရေးဖြစ်တဲ့အတွက်ကို ကျွန်တော်တို့လုပ်နိုင်သလောက် လုပ်ပြီးသွားပြီ။ ခုနပြည်သူ့ဘဏ္ဍာဖြစ်တဲ့အတွက်ကို သမ္မတကိုတာဝန်ခံတဲ့ ဝန်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက် သမ္မတကနေ စီမံဆောင်ရွက်ရမယ်လို့ ကျွန်တော်တော့သုံးသပ်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားသည်။
ထို့ပြင် ပြင်ပတွင်ထွက်ပေါ်နေသကဲ့သို့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ မတည့်၍ ယခုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပွားခြင်းဆိုသည်မှာ မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ ကျွန်တော်တို့ လုပ်ရသမျှပေါ့နော်။ ပြည်သူကနေ ထွက်လာတဲ့ကိစ္စမှန်သမျှ အစိုးရဆီပို့တယ်။ ဒါပေမယ့်အစိုးရက ကျွန်တော်တို့ကို အရေးတယူပြန်တာ သိပ်မရှိခဲ့ဘူးပေါ့နော် ။ မရှိခဲ့တဲ့အခါကျတော့ အခုဒီကိစ္စတွေပဲကြည့်ပေါ့။ အခုကွက်ကွက်ကွင်းကွင်းပေါ့။ ကယားဒေးမြေကိစ္စဆိုအကြီးကြီးလေ။ ပြည်သူ့ Public ဧရိယာကြီးလေ။ ဒါတောင်မှ သူ လွှတ်တော်ကို ဂရုမစိုက်လို့ ကျရှုံးသွားတာပေါ့။ တကယ်ဆို ဒါလည်း နောင်တက်လာမယ့်သူတွေကို သင်ခန်းစာဖြစ်သွားတာပေါ့” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီးလုပ်ငန်း စီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စက်ယန္တရားငှားရမ်းခငွေများကို သီးခြားရန်ပုံငွေထားရှိကာ သုံးစွဲခဲ့မှုများကြောင့်ဟူ၍လည်းကောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။