ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ငါးလကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၅၂၈၀၀ ကျော် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ငါးလကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၅၂၈၀၀ ကျော် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား
ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာ အရောင်းအဝယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာ အရောင်းအဝယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ်
Published 5 September 2020
စည်သူအောင်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး လေးလကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာ အရေအတွက် ၅၂၈၀၀ ကျော်ကို နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစ၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်စာရင်းအရ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီလေးခု၏ အစုရှယ်ယာ ၅၂၈၄၃ ခုကို ဝယ်ယူထားသည်။ ကုမ္ပဏီအလိုက် ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (FMI) တွင် ၉၆၀၆ ခု၊ မြန်မာသီလဝါအက် (စ်) အီးဇက် ဟိုးလ်ဒင်း ပတ်ပလစ် လီမိတက် (MTSH) ၌ ၃၇၄၇၄ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၅၅၆၃ ခု၊ TMH Telecom Public Co.,Ltd တွင် ၂၀၀ ခုဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ကြေညာချက်အမှတ် (၄/ ၂၀၂၀) ဖြင့် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၍ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အပိုဒ် ၃ (ဂ) အရ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ (တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ အပါအဝင်) အနေဖြင့် ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတစ်ခုသို့ သွားရောက်၍ ထောက်ခံစာရယူရန် လိုအပ်သည်။ ယင်းနောက် ပြည်တွင်း၌ နေထိုင်သူဖြစ်ပါက Resident Kyar Account for Securities (R-KAS) နှင့် ပြည်ပတွင် နေထိုင်သူဖြစ်ပါက Non-resident Kyat Account for Securities (N-KAS) နှင့် Non-resident Foreign Currency Account for Securities (N-FAS) ဘဏ်စာရင်းများ ဖွင့်လှစ်ပြီးမှသာ Securities Company များတွင် Securities Account များ ဖွင့်လှစ်ရန်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများအနေဖြင့် ကော်မရှင်က သတ်မှတ်ထားသည့် ဘဏ်စာရင်းများ အသီးသီးဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က မေတ္တာရပ်ခံအသိပေး ကြေညာထားသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသား ပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များလိုက်နာဆောင်ရွက်ရမည့်အချက်များကို နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၃/ ၂၀၂၀ ညွှန်ကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent