ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏ ရှယ်ယာအရောင်းအဝယ် ပမာဏ သိသိသာသာ ကျဆင်းခဲ့ပြီး သြဂုတ်လတွင် ကျပ် ၇၄၇ သန်းကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏ ရှယ်ယာအရောင်းအဝယ် ပမာဏ သိသိသာသာ ကျဆင်းခဲ့ပြီး သြဂုတ်လတွင် ကျပ် ၇၄၇ သန်းကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်
ရန်ကုန်စတော့အိတ်ချိန်းတွင် နေ့စဉ်အရောင်းအဝယ် စာရင်းများ လေ့လာကြည့်ရှုနေသူ အချို့ကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် နေ့စဉ်အရောင်းအဝယ် စာရင်းများ လေ့လာကြည့်ရှုနေသူ အချို့ကို တွေ့ရစဉ်
Published 4 September 2020
စည်သူအောင်

ရန်ကုန်စတော့အိတ်ချိန်းတွင် နေ့စဉ်အရောင်းအဝယ် စာရင်းများ လေ့လာကြည့်ရှုနေသူ အချို့ကို တွေ့ရစဉ်

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု၏ ရှယ်ယာအရောင်းအဝယ် ပမာဏ သိသိသာသာ ကျဆင်းလာခဲ့ပြီး သြဂုတ်လတွင် ကျပ် ၇၄၇ သန်းကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ ရှယ်ယာအရောင်းအဝယ် ပမာဏထက် လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ကျပ်သိန်း ၇၂၀၀ ကျော် အရောင်းအဝယ် မြင့်တက်ခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီတွင်လည်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၄၈ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ကျပ်တစ်ဘီလျံကျော် အရောင်းအဝယ် မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ မတ်လတွင် ကျပ် ၁ ဒသမ  ၄၂ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျပ် ၃၉၆၂ သိန်းကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လထက် ကျပ်တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှု မြင့်တက်ခဲ့သည်။ ထိုသို့ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျပ် ၁ ဒသမ ၄၂ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ဧပြီတွင် ကျပ်သိန်း ၉၀၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်။

ထို့နောက် မေလတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ခြောက်ခုမြောက်စာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့သည့် EFR ကုမ္ပဏီ၏ အစုရှယ်ယာများကို မေ ၂၈ ရက်တွင် စတင်ရောင်းချရာ စာရင်းဝင်ကုမ္ပဏီ ခြောက်ခုဖြစ်လာ သကဲ့သို့ အရောင်းအဝယ်ဖြစ်မှု၌လည်း ကျပ် ၁ ဒသမ ၂ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဇွန်တစ်လလုံး အတွက် EFR ကုမ္ပဏီ၏ အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ခဲ့သော်လည်း ထူးခြားသိသာသော အရောင်းအဝယ် မြင့်တက်မှု မရှိခဲ့ဘဲ ကျပ် ၁ ဒသမ ၃ ဘီလျံ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ဇူလိုင်တွင်လည်း အရောင်းအဝယ်ပမာဏ ကျပ် ၁ ဒသမ ၀၆ ဘီလျံသာရှိခဲ့ပြီး ဇွန်လ အရောင်းအဝယ် ပမာဏထက် လျော့နည်းခဲ့ခြင်းဖြစ်သည်။ သြဂုတ်လတွင် ဇူလိုင်လ ရှယ်ယာအရောင်းအဝယ် ပမာဏထက် သိသာစွာ ဆက်လက်ကျဆင်းခဲ့ပြီး အရောင်းအဝယ်ပမာဏ ကျပ် ၇၄၇ ဒသမ ၅၄ သန်းသာ ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လတွင် FMI ကုမ္ပဏီဖြင့် စတင်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် လက်ရှိအချိန်တွင် စာရင်းဝင်ကုမ္ပဏီ ခြောက်ခုဖြင့် နေ့စဉ်အရောင်းအဝယ် ပြုလုပ်နေကာ FMI ကုမ္ပဏီသည် ရှယ်ယာ ၂၇၁ သိန်းကျော် မ,တည်ငွေ ကျပ် ၃၁၁၇၉၇ သန်း၊ MTSH ကုမ္ပဏီသည် စာရင်းဝင်ရှယ်ယာ ၃၈၉ သိန်းကျော် မçတည်ငွေ ကျပ် ၁၅၅၇၁၇ သန်း၊ MCB သည် အစုရှယ်ယာ ၁၀၄ သိန်းကျော်နှင့် မ,တည်ငွေ ကျပ် ၈၅၂၈၈ သန်း၊ FPB သည် အစုရှယ်ယာပေါင်း ၂၄ သိန်းကျော် မ,တည်ငွေ ကျပ် ၅၅၆၂၁ သန်းနှင့် TMH က အစုရှယ်ယာ ၁၂၈ သိန်းကျော်မှ  ကျပ် ၃၇၁၈၇ သန်းဖြင့် အရောင်းအဝယ် ပြုလုပ်နေပြီး ဆဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာသည့် EFR ကုမ္ပဏီသည် အစုရှယ်ယာပေါင်း ၁၉၉၇၇၂၂၃ စုရှိပြီး မ,တည်ငွေ ရင်းနှီးငွေ ကျပ် ၁၃၆၃၈၅၉၉၀၀၀ ရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ နှစ်အလိုက် အရောင်းအဝယ်ဖြစ်မှုများမှာ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်၊ ၂၀၁၇ ခုနှစ်အတွင်း ကျပ် ၂၂  ဒသမ ၁၃ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်တွင်၊ ကျပ် ၁၁ ဘီ လျံကျော် ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၃ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

 

Most Read

Most Recent