WLC လိုက်ဝယ်လ်တာဝိတ်ချန်ပီယံလုပွဲပါဝင်မည့် WLC: Lethwei Showcase ကို စက်တင်ဘာ (၂၅) ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါပွဲစဉ်အား ပရိသတ်မပါဘဲ ကျင်းပသွားမည်ဖြစ်ပြီး ခေါင်ပွဲအဖြစ်ကျင်းပမည့် လိုက်ဝယ်လ်တာဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ အန်တိုနီယိုဖာရဲရားအား စပိန်ဖိုက်တာ ဖရန်စစ္စကိုမီညာလက်စ်က စိန်ခေါ်ထိုးသတ်သွားမည်ဖြစ်သည်။
"မြန်မာ့ရိုးရာလက်ဝှေ့ပွဲစီစဉ်တဲ့ အကြီးဆုံးအဖွဲ့အစည်းအဖြစ် ကမ္ဘာ့အဆင့်လက်ဝှေ့ဖိုက်တာတွေကို ကမ္ဘာသိအောင်ထုတ်ဖော်ပြနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ WLC: Lethwei Showcase ကတော့ ခပ်ကြမ်းကြမ်းထိုးသတ်တတ်တဲ့ စပိန်ဖိုက်တာဖရန်စစ္စကိုမီညာလက်စ်နဲ့ လက်ရှိချန်ပီယံ WLC အလဲထိုးဘုရင် အန်တိုနီယိုဖာရဲရားတို့ကြောင့် မမေ့နိုင်စရာည ဖြစ်ပါလိမ့်မယ်။ ဒီပွဲနဲ့အတူ တခြားပွဲကောင်းတွေလည်း ပါဝင်လာမှာပါ" ဟုမြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောကြားခဲ့သည်။
WLC: Lethwei Showcase ကို စက်တင်ဘာလ (၂၅) ရက်၊ မြန်မာစံတော်ချိန်ညနေ (၆:၃၀)နာရီတွင် မြန်မာနိုင်ငံအတွင်း Canal+ က ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး UFC Fight Pass မှနိုင်ငံပေါင်း (၁၀၀)ကျော်တွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။