၂၀၂၀-၂၁ ရာသီ လိုက်ပ်ဇစ်အသင်း၏ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် ကွင်းအတွင်း ပရိသတ် (၈၆၀၀) နီးပါး ဝင်ရောက်ကြည့်ရှုခွင့်ရမည်

၂၀၂၀-၂၁ ရာသီ လိုက်ပ်ဇစ်အသင်း၏ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် ကွင်းအတွင်း ပရိသတ် (၈၆၀၀) နီးပါး ဝင်ရောက်ကြည့်ရှုခွင့်ရမည်
Photo: Yahoo
Photo: Yahoo
Published 3 September 2020

လိုက်ပ်ဇစ်အသင်းသည် ၂၀၂၀-၂၁ ရာသီ အသင်း၏ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် ကွင်းအတွင်း ပရိသတ် (၈၆၀၀) နီးပါး ဝင်ရောက်ကြည့်ရှုခွင့်ပေးရန်အတွက် ဒေသခံအာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။ 

လိုက်ပ်ဇစ်အသင်းသည် ၂၀၂၀-၂၁ ရာသီတွင် ပထမဆုံးဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ (၂၀)ရက်တွင် မိန့်ဇ်အသင်းကို အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။ ယင်းပွဲတွင် ကွင်းအတွင်း ဝင်ဆံ့ပရိသတ်၏ (၂၀)ရာခိုင်နှုန်းကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် ဒေသခံအာဏာပိုင်များက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ လိုက်ပ်ဇစ်အသင်း၏ အိမ်ကွင်းဖြစ်သည့် ရက်ဘူးလ်ကွင်းမှာ ပရိသတ် (၄၂၅၉၅)ဦး ဝင်ဆံ့ပြီး (၂၀)ရာခိုင်နှုန်းဆို ပါက (၈၅၉၁)ဦး ကြည့်ရှုခွင့်ရမည်ဖြစ်သည်။ 

လိုက်ပ်ဇစ်အသင်းသည် မိန့်ဇ်နှင့်ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်အတွက် တစ်ရာသီလက်မှတ် ကိုင်ဆောင်သည့် ပရိသတ် (၂၂၅၀၀)ဦးကို ကံစမ်းစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး လိုက်ပ်ဇစ်အသင်းအခြေစိုက်ရာ ဆက်ဆိုနီဒေသမှ ပရိသတ်များသာ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ရမည်ဖြစ်သည်။ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုသည့် ပရိသတ်များအနေဖြင့် နှာခေါင်းစည်းများကို ဝတ်ဆင်ရမည်ဖြစ်သလို၊ Social Distancing စည်းမျဉ်းကို လိုက်နာရမည်ဖြစ်သည်။ 

အဝေးကွင်းပရိသတ်များကို ဝင်ရောက်ကြည့် ရှုခွင့်ပေးမည်မဟုတ်သလို၊ ဘီယာလည်း ရောင်းချမည်မဟုတ်ကြောင်း သိရသည်။ လိုက်ပ်ဇစ်အသင်းကဲ့သို့ ပရိသတ်များကို အကန့်အသတ်ဖြင့် ကွင်းအတွင်း ဝင်ခွင့်ရရန် ဟာသာဘာလင်၊ အူန်ယွန်းဘာလင်၊ ဖရန့်ဖတ်နှင့် ဝုလ်ဖ်ဘတ်အသင်းတို့က ကြိုးပမ်းနေကြကြောင်း သိရသည်။ 

Most Read

Most Recent