မန်ယူအသင်းတွင် ဒီဟေးယား၏နံပါတ်တစ်နေရာကို ရယူရန် ကြိုပမ်းသွားမည်ဟု ဟန်ဒါဆန် ကြုံးဝါး

မန်ယူအသင်းတွင် ဒီဟေးယား၏နံပါတ်တစ်နေရာကို ရယူရန် ကြိုပမ်းသွားမည်ဟု ဟန်ဒါဆန် ကြုံးဝါး
Photo: Yahoo
Photo: Yahoo
Published 3 September 2020

ရှက်ဖီးယူနိုက်တက်အသင်းတွင် (၂)ရာသီကြာ အငှားသွားကစားခဲ့ရာမှ မန်ယူအသင်းသို့ ပြန်လည်ရောက်ရှိလာသည့် လူငယ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်က အသင်းတွင် ဒီဟေးယား၏နံပါတ်တစ်နေရာကိုရယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။  

၎င်းက လာမည့်ရာသီတွင် အရန်ခုံထိုင်ရန် မရည်ရွယ်ထားဟု ပြောကြားခဲ့ခြင်းဖြင့် အသင်း၏ဝါရင့်ဂိုးသမား ဒီဟေးယားကို သွယ်ဝိုက်သတိပေးခဲ့ခြင်းလည်းဖြစ်သည်။

''ကျွန်တော့်ရဲ့ရည်ရွယ်ချက်က လာမယ့့်ရာသီမှာ ဘောလုံးကစားရဖို့ပါ။ ပြီးခဲ့တဲ့ရာသီအပြီး ဘောလုံးမကစားရတဲ့ အဖြစ်မျိုးကို ကျွန်တော် မလိုချင်ပါဘူး။ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်တည်လာမယ့် ဘောလုံးရာသီတစ်ခုမှာ အရန်ခုံမှာထိုင်ပြီး ဘောလုံးမကစားရဘူးဆိုရင် ကျွန်တော့်အတွက် မကောင်းပါဘူး။ ဒါဟာ အသင်းဖော်တွေကို ကူညီနိုင်တာမဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဒီဟေးယားဟာ နှစ်ပေါင်းများစွာကြာအောင် ကြီးကျယ်ခမ်းနားတဲ့ ဂိုးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူက အံ့သြလောက်စရာကောင်းတဲ့သူလည်းဖြစ်တယ်။ ဒါက ကျွန်တော် ရည်မှန်းချက်ထားတဲ့အရာတချို့ပါ။ ကလပ်အသင်းမှာ သူ့လိုကစားသမားဘဝမျိုးကို ရရှိချင်တယ်။ ဒါကြောင့်လည်း ပွဲထွက်ကစားခွင့်ရဖို့ ရာသီကြိုပထမဆုံးနေ့ရက်မှာပဲ အသင်းထံ ပြန်လာတာပါ''ဟု (၂၃)နှစ် အရွယ်သာရှိသေးသူ ဟန်ဒါဆန်က ပြောကြားခဲ့သည်။ 

ဟန်ဒါဆန်သည် (၅)နှစ်အတွင်း အငှား (၅)ကြိမ်သွားရောက်ကစားခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရသည်အထိ အောင်မြင်မှုရရှိလာခဲ့သည်။ ဒီဟေးယားသည် မန်ယူအသင်းဂိုးပေါက်တွင် နှစ်ပေါင်းများစွာ နေရာယူထားသော်လည်း ပြီးခဲ့သည့်ရာသီများအတွင်း မထင်မှတ်သည့်အများများ ကျူးလွန်ခဲ့ပြီး ယခု ဟန်ဒါဆန် ပြန်လည်ရောက်ရှိလာမှုကြောင့် သူ၏နေရာမှာ ခြိမ်းခြောက်ခံနေရသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဟန်ဒါဆန်သည် မကြာသေးမီကမှ အသင်းနှင့် (၅)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး စာချုပ်သစ်အရ တစ်ပတ်ပေါင်(၁၀၀၀၀၀)အထိ ရရှိနေလျက်ရှိသည်။ ဟန်ဒါဆန်အနေဖြင့် စတော့ပို့တ်၊ ဂရင်းစဘီ၊ ရှရူးဘူရီနှင့် ရှက်ဖီးယူနိုက်တက်စသည့်အသင်းများတွင် အငှားသွားရောက်ကစားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent