ဇီဒန်းလက်ထက်တွင် ရီးယဲလ်အနေဖြင့် အပြောင်းအရွှေ့အတွက် ငွေကြေးများစွာ သုံးစရာမလိုဘဲ အောင်မြင်ခဲ့ကြောင်း Marca ဖော်ပြ

ဇီဒန်းလက်ထက်တွင် ရီးယဲလ်အနေဖြင့် အပြောင်းအရွှေ့အတွက် ငွေကြေးများစွာ သုံးစရာမလိုဘဲ အောင်မြင်ခဲ့ကြောင်း Marca ဖော်ပြ
Photo: Sportskeeda
Photo: Sportskeeda
Published 3 September 2020

နည်းပြ ဇီဒန်းလက်ထက်တွင် ရီးယဲလ်အသင်းအနေဖြင့် ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးများစွာ အသုံးပြုစရာမလိုဘဲ အောင်မြင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိပ်တန်းအပြောင်းအရွှေ့များကို ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမှု ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ အငှားချထားသည့် လူငယ်ကစားသမားများကို ပြန်လည်ခေါ်ယူထားကာ ကွင်းလယ်လူ အော်ဒီဂွါနှင့် လူငယ်ဂိုးသမား လူနင်တို့ကို လာမည့် ၂၀၂၀-၂၁ ရာသီတွင် အသုံးပြုသွားဖွယ်ရှိနေကြောင်း သိရသည်။ ရီးယဲလ်အသင်းအနေဖြင့် ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း ဇီဒန်းရှိနေသည့်အတွက် စိတ်ပူစရာမလိုကြောင်း Marca က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ဇီဒန်းသည် ရီးယဲလ်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ဇန်နဝါရီ (၄) ရက်မှ ၂၀၁၈ မေလ (၃၁)ရက်အထိ ကိုင်တွယ်ခဲ့သည်။ ဇီဒန်းသည် ယင်းကာလအတွင်း ကစားသမားအပြောင်းအရွှေ့အတွက် ယူရိုသန်း (၇၀)သာ အသုံးပြုခဲ့သော်လည်း ရီးယဲလ်အသင်းကို ဆုဖလား (၉)လုံးအထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဇီဒန်းသည် ရီးယဲလ်အသင်းကို စတင်ကိုင်တွယ်သည့် ပထမဆုံးရာသီတွင် ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးအသုံးပြုခြင်းမရှိဘဲ ၂၀၁၆-၁၇ ရာသီတွင်မှ ဂျူဗင်တပ်စ်အသင်းမှ စပိန်တိုက်စစ်မှူး မိုရာတာကို ယူရိုသန်း (၃၀)ဖြင့် ခေါ်ယူခဲ့သည်။ သို့သော် ဇီဒန်းသည် ယင်းနှစ်ရာသီအတွင်း ရီးယဲလ်အသင်းကို လာလီဂါနှင့် ချန်ပီယံလိဂ်ဖလား (၂)လုံးအပါအဝင် ဆုဖလား (၅)လုံးအထိ ရယူပေးနိုင်ခဲ့သည်။ 

ထို့ပြင် ဇီဒန်းသည် ၂၀၁၇-၁၈ ရာသီတွင် သီယိုဟာနန်ဒက်ဇ်နှင့် စီဘယ်ယော့စ်တို့ နှစ်ဦးကို ယူရိုသန်း (၄၀) ဖြင့် ခေါ်ယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သည်။ ယင်းနောက် ဇီဒန်းသည် ရီးယဲလ်အသင်းနှင့်လမ်းခွဲခဲ့ပြီး ၂၀၁၉ မတ်လ (၁၁)ရက်တွင် ရီးယဲလ်အသင်းကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ခဲ့သည်။ ဇီဒန်းသည် ရီးယဲလ်ကို ဒုတိယအကြိမ်ကိုင်တွယ်ရာတွင်လည်း ၎င်းသဘော ဖြင့် ခေါ်ယူခဲ့သည့် ကစားသမားမှာ မီလီတိုနှင့် ရိုဒရီဂိုတို့သာဖြစ်ပြီး ၎င်းတို့နှစ်ဦးအတွက် ယူရို (၉၅)သန်းသာ ကုန်ခဲ့ကာ လာလီဂါဖလားနှင့် စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့သည်။

Most Read

Most Recent