မက်ဆီအားထွက်ခွာခွင့်ပေးရန် ဘာစီလိုနာ ငြင်းဆန်ခဲ့ပြီး ဘာတိုမူနှင့် မက်ဆီဖခင်တို့၏ ပထမအကြိမ်ဆွေးနွေးမှုမှာ သဘောတူညီမှုမရခဲ့

မက်ဆီအားထွက်ခွာခွင့်ပေးရန် ဘာစီလိုနာ ငြင်းဆန်ခဲ့ပြီး ဘာတိုမူနှင့် မက်ဆီဖခင်တို့၏ ပထမအကြိမ်ဆွေးနွေးမှုမှာ သဘောတူညီမှုမရခဲ့
Published 3 September 2020

ဘာတိုမူနှင့် ဟော်ဟဲမက်ဆီတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ (၁)နာရီခွဲ ကျော်ကြာမြင့်ခဲ့ပြီး အသင်းမှ မက်ဆီ ထွက်ခွာခွင့်ပေးရန် ဆွေးနွေးမှုကို ဘာစီလိုနာအသင်းက ငြင်းဆန်ခဲ့သဖြင့် ယင်းဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရဘဲ ပြီးဆုံးခဲ့ရကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး မက်ဆီကို ထွက်ခွာခွင့်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး အသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် မက်ဆီ၏အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီတို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုမရခဲ့ကြောင်း သိရှိရသည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် သြဂုတ်လ (၂၅)ရက်တွင် အသင်းထံသို့ Fax ပို့ကာ ၎င်းအား အသင်းမှထွက်ခွာပြုရန် တောင်းဆိုခဲ့သည်။ 

ယင်းနောက်ပိုင်းတွင် မက်ဆီ၏ အပြောင်းအရွှေ့သတင်းများစွာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး ဘာစီလိုနာအသင်းပရိသတ်များက မက်ဆီကို အသင်းတွင်ဆက်နေရန်နှင့် ဘာတိုမူအား ဥက္ကဋ္ဌရာထူးမှနုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သည်။ 

မက်ဆီ၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ၎င်း၏ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီသည် မက်ဆီ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဘာစီလိုနာအသင်းနှင့်ဆွေးနွေးရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂ ရက်)တွင် အာဂျင်တီးနားမှ စပိန်နိုင်ငံ၊ ဘာစီ လိုနာမြို့သို့ ရောက်ရှိလာခဲ့သည်။ 

ယင်းနေ့ နေလယ်ပိုင်းတွင် ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမူနှင့် ဟော်ဟဲမက်ဆီတို့သည် မက်ဆီ၏အနာဂတ်အတွက် ပထမဆုံးအကြိမ် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

စပိန်အားကစားသတင်းစာ Diario Sport ၏ ဖော်ပြချက်အရ အဆိုပါဆွေးနွေးပွဲကို ဘာစီလိုနာအသင်းဘက်မှ အသင်းဥက္ကဋ္ဌ ဘာတိုမူနှင့်အတူ ဒါရိုက်တာဖြစ်သူ ဘော်ဒက်စ်တို့ တက်ရောက်ခဲ့ပြီး မက်ဆီဘက်မှ သူ၏အေးဂျင့်နှင့် ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီ၊ မက်ဆီအစ်ကိုနှင့် အကြံပေးအဖြစ်ဆောင်ရွက်နေသည့် ရိုဒရီဂို၊ မက်ဆီ၏ရှေ့နေဖြစ်သူ ပီကော့စ်တို့ တက် ရောက်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မက်ဆီအား အသင်းတွင် ဆက်နေရန် အဓိကထား စည်းရုံးခဲ့ပြီး ဟော်ဟဲမက်ဆီက သူ့သားအနေဖြင့် ဘာစီလိုနာအသင်းတွင် ဆက်နေမည်မဟုတ်ဟု ပြောဆိုခဲ့ကြောင်း အာဂျင်တီးနားအားကစားရုပ်သံ TyC Sport က ဖော်ပြခဲ့သည်။ 

ဘာတိုမူနှင့် ဟော်ဟဲမက်ဆီတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ (၁)နာရီခွဲ ကျော်ကြာမြင့်ခဲ့ပြီး အသင်းမှ မက်ဆီ ထွက်ခွာခွင့်ပေးရန် ဆွေးနွေးမှုကို ဘာစီလိုနာအသင်းက ငြင်းဆန်ခဲ့သဖြင့် ယင်းဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရဘဲ ပြီးဆုံးခဲ့ရကြောင်း သိရသည်။  

ဟော်ဟဲမက်ဆီသည် ဘာစီလိုနာမြို့သို့ ရောက်ရှိလာချိန်တွင် မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် ဆက်ရှိနိုင်သလားဟု မီဒီယာများက မေးမြန်းခဲ့ရာ ဘာစီလိုနာအသင်းတွင် မက်ဆီ ဆက်ရှိနေရန် ခက်ခဲမည်ဟု ပြောဆိုခဲ့ကြောင်း Sport က ဖော်ပြခဲ့သည်။ 

Most Read

Most Recent