ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် ဆွာရက်ဇ်သဘောတူညီမှုရထားပြီးဖြစ်ကြောင်း အီတလီမီဒီယာများဖော်ပြ

ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် ဆွာရက်ဇ်သဘောတူညီမှုရထားပြီးဖြစ်ကြောင်း အီတလီမီဒီယာများဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 2 September 2020

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်အနေဖြင့် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းသို့ပြောင်းရွှေ့ရန်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရထားပြီးဖြစ်ကြောင်း အီတလီမီဒီယာများမှဖော်ပြခဲ့ကြသည်။

အသက် (၃၃)နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းမှထွက်ခွာရန် သေချာခဲ့ပြီးနောက် အသင်းသစ်များစွာနှင့် ချိတ်ဆက်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မီလန်အခြေစိုက် အီတလီအားကစားသတင်းစာ La Gazzetta dello Sport ၏ဖော်ပြချက်အရ ဆွာရက်ဇ်နှင့် ဂျူဗင်တပ်စ်အသင်းတို့မှာ (၂)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ်၏ (၆)နှစ်ကြာ ဘာစီလိုနာကစားသမားဘဝမှာ မကြာခင်အဆုံးသတ်တော့မည်ဖြစ်ကြောင်း

သိရသည်။

အခြား အီတလီမီဒီယာအချို့၏ ဖော်ပြချက်တွင်လည်း ဆွာရက်ဇ်အနေဖြင့် ဘာစီလိုနာတွင် မက်ဆီနှင့် လက်တွဲခဲ့ပြီးနောက် ယခုအခါတူရင်မြေမှ နောက်ထပ် ကမ္ဘာ့အကောင်းဆုံးကစာသမားဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် ထပ်မံလက်တွဲရတော့မည်ဖြစ်ကြောင်းလည်း ပါရှိခဲ့သည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဆွာရက်ဇ်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်သဘောတူညီခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လစာ ယူရို (၁၀)သန်းနီးပါးရရှိမည်ဖြစ်ကြောင်းသိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဆွာရက်ဇ်မတိုင်မီ ဘော့စနီးယားတိုက်စစ်မှူး ဂျက်ကိုအားခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဂျက်ကို၏ပြောင်းရွှေ့ကြေးမှာ ယူရို (၁၀)သန်းနီးပါးရှိနေသည့်အတွက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူနိုင်မည့် ဆွာရက်ဇ်ကို ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် ၂၀၁၄ ခုနှစ် နွေရာသီအပြောင်းအရွှေ့က လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို (၈၃)သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၈၃)ပွဲကစားကာ၊ (၁၉၈)ဂိုးအထိသွင်းယူနိုင်ခဲ့သည်။

ထို့ပြင် ဆွာရက်ဇ်အနေဖြင့် ဘာစီလိုနာအသင်းနှင့်အတူ တစ်ဦးချင်းအောင်မြင်များစွာရရှိခဲ့သလို၊ တစ်ရာသီအတွင်းဖလား (၃)လုံးအောင်ပွဲအပါအဝင် စုစုပေါင်းဆုဖလား (၁၃)လုံးအထိရယူနိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent