ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စွာရောင်းဝယ်နိုင်ရေး UMFCCI နှင့် ရခိုင်ပြည်နယ် CCI ပူးပေါင်းဆောင်ရွက်မည်

ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စွာရောင်းဝယ်နိုင်ရေး UMFCCI နှင့် ရခိုင်ပြည်နယ် CCI ပူးပေါင်းဆောင်ရွက်မည်
UMFCCI နှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ဆွေးနွေးစဉ် (ဓာတ်ပုံ-UMFCCI)
UMFCCI နှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ဆွေးနွေးစဉ် (ဓာတ်ပုံ-UMFCCI)
Published 1 September 2020

ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) တို့  ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် စားနပ်ရိက္ခာများ၊ လူသုံးကုန်များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို စျေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရန်နှင့် စျေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်သည် ရခိုင်ပြည်နယ် CCI နှင့် ပူးပေါင်းဆောင်ရွက်ရေး သြဂုတ် ၃၁ ရက်က ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

ကုန်သည်စက်မှုအသင်းချုပ်မှ COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်သို့ အရေးပေါ်လိုအပ်မည့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ လှူဒါန်းသွားမည်ဖြစ်ပြီး အသင်းသူ အသင်းသားများ၊ ညီနောင်အသင်းအဖွဲ့များ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များမှလည်း ထည့်ဝင်လှူဒါန်းလိုပါက ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်သို့ လာရောက်မည့် ကုန်ကားများသည် သက်ဆိုင်ရာမြို့များသို့ တိုက်ရိုက်ပို့ဆောင်ခြင်းမပြုဘဲ သံတွဲနှင့် ကျောက်ဖြူခရိုင်အတွက် ဂွမြို့၊ တောင်ကုတ်မြို့နှင့် စစ်တွေ၊ မြောက်ဦး၊ မောင်တောခရိုင်များတွက် အမ်းမြို့တွင် ဆုံရပ်နေရာသတ်မှတ်ပြီး ယာဉ်မောင်းများ လဲလှယ်မောင်းနှင်ရမည့်စနစ်ဖြင့် သွားလာရမည်ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ထုတ်ပြန်ထားသည်။

“ နိုင်ငံတော်အဆင့် COVID-19 ရောဂါထိန်းချုပ်ရေးကော်မတီကနေပြီးတော့ တိုင်းနဲ့ ပြည်နယ်ကို ဒီအတိုင်းစီမံပါဆိုပြီး စာတွေပို့တယ်။ ဒီလိုသိရတဲ့အတွက် မနေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း အဲဒါလေးကို အကျိုးအကြောင်းတင်ပြရင်းနဲ့ လက်ရှိမြေပြင်အခြေအနေတွေလည်း သွားပြီးတော့ တင်ပြပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း အဲဒီညွှန်ကြားချက်မှာပါတဲ့အတိုင်း လုပ်ဖို့အတွက် သူတို့လည်းအစီအမံတွေ လုပ်ထားတယ်လို့ ကျွန်တော်တို့ကို ပြန်ဖြေပါတယ်။ လက်ရှိအချိန်က ကုန်စည်ပို့ဆောင်ရေးအတွက် ကုန်ကားသမားတွေကလည်း သို့လောသို့လောဖြစ်နေတယ်။ တိတိကျကျ ဘယ်ကနေဘယ်လို လုပ်ရမယ်ဆိုတာ မသိရတဲ့အတွက် ကြိုပြီးတော့ညွှန်ကြားချက်ကိုပဲ ကိုးကားပြီးတော့ ထုတ်ပြန်ပေးတာပါ။ ကျွန်တော်တို့ကို တိုက်ရိုက်ပေးတဲ့ ညွှန်ကြားချက်မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်ဆိုတာသိရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကုန်စည်အတွက်ရော၊ ကုန်စည်စီးဆင်းမှုတွေ ကြိုတင်ပြင်ဆင်နိုင်အောင် ကုန်ကားတွေက နည်းနည်းပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေကြားတော့မှ ရခိုင်မှာရှိတဲ့ ကုန်သည်လုပ်ငန်းရှင်တွေက ကုန်စည်တွေလာတော့မှာ ဖြစ်တဲ့အတွက် ကုန်စည်စျေးနှုန်းလေးကိုလည်း အထိုက်အလျောက် နည်းနည်းလေး ထိန်းလို့ရအောင် ထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက သြဂုတ် ၂၇ ရက်က ပြောကြားသည်။

ရခိုင်ပြည်နယ်၏မြို့များတွင် COVID-19 ရောဂါမြန်ဆန်စွာ ပျံ့နှံ့ဝင်ရောက်ကူးစက်မှုကြောင့် ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုအခက်အခဲများ မဖြစ်ပေါ်စေရန် ရခိုင်ပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များမှ လာရောက်သော ကုန်တင်ယာဉ်များအား သက်ဆိုင်ရာ မြို့များသို့ တိုက်ရိုက်ပို့ဆောင်ခြင်းမပြုဘဲ သတ်မှတ်ဆုံရပ်နေရာ၌ ယာဉ်မောင်းလဲလှယ် မောင်းနှင်စေသည့်စနစ်ဖြင့် သွားလာကြရန် ထုတ်ပြန်ထားသည်။

Most Read

Most Recent