အရန်ရိက္ခာဆန်များကို တစ်အိတ်လျှင် ကျပ် ၂၂၈၀၀ ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှစ်ခုသို့ ဆန်အိတ်ပေါင်း ၃၂၀၀၀ ကျော် ရောင်းချပေးခဲ့ပြီး ယင်းအနက် ရန်ကုန်တိုင်းတွင် ရာခိုင်နှုန်း ၆၀ ကျော်အထိ အများဆုံးရောင်းချထား

အရန်ရိက္ခာဆန်များကို တစ်အိတ်လျှင် ကျပ် ၂၂၈၀၀ ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှစ်ခုသို့ ဆန်အိတ်ပေါင်း ၃၂၀၀၀ ကျော် ရောင်းချပေးခဲ့ပြီး ယင်းအနက် ရန်ကုန်တိုင်းတွင် ရာခိုင်နှုန်း ၆၀ ကျော်အထိ အများဆုံးရောင်းချထား
အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များ ဝယ်ယူသိုလှောင်ထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်)
အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များ ဝယ်ယူသိုလှောင်ထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်)
Published 1 September 2020
ဇေယျာငြိမ်း

အရန်ရိက္ခာဆန်များကို တစ်အိတ်လျှင် ကျပ် ၂၂၈၀၀ ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုသို့ ဆန်အိတ်ပေါင်း ၃၂၀၀၀ ကျော်အထိ ရောင်းချပေးခဲ့ပြီး ယင်းအနက် ရန်ကုန်တိုင်းတွင် ရာခိုင်နှုန်း ၆၀ ကျော်အထိ အများဆုံး ရောင်းချထားကြောင်း စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

အရန်ရိက္ခာဆန်များကို ပြည်တွင်းစားသုံးသူများအတွက် လက်လီဆိုင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံများသို့ ဇူလိုင် ၁၀ ရက်တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ရှစ်ခုသို့ ဆန်အိတ်ပေါင်း ၃၂၂၆၆ အထိ ရောင်းချပေးခဲ့သည်။

ယင်းအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်အိတ် ၂၁၇၉၀ အထိ အများဆုံး ရောင်းချထားပြီး စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း ရှိသည်။

နေပြည်တော်တွင် ဆန်အိတ် ၃၃၀၀၊ မွန်ပြည်နယ်တွင် ဆန်အိတ် ၂၂၀၀၊ ချင်းပြည်နယ်တွင် ဆန်အိတ် ၂၀၀၀၊ မန္တလေးတိုင်းဒေသကြီးတွင် ဆန်အိတ် ၁၇၅၆၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဆန်အိတ် ၉၂၀၊ ပဲခူးတိုင်းဒေသကြီးတွင် ဆန်အိတ် ၂၀၀၊ စစ်ကိုင်းဒေသကြီးတွင် ဆန်အိတ် ၁၀၀ စသည်ဖြင့် အသီးသီးရောင်းချပေးခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် စားသုုံးသူပြည်သူများအတွက် လက်ရှိစျေးကွက်ပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချပေးနိုင်ရေး အစီအစဉ်ဖြစ်သည်။

ပြည်တွင်းစားသုံးသူများထံသို့ ဝယ်ယူထားသော အရန်ရိက္ခာဆန်အိတ်ပေါင်း ငါးသိန်းအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များကို ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းလျက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

COVID-19 ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့် လိုင်စင်ရရှိထားသူများအနေဖြင့် ပြည်ပတင်ပို့သည့်ပမာဏအထောက်အထား ပို့ကုန်ကြေညာလွှာတွင် ဖော်ပြထားသည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော် အရန်ဆန်အဖြစ် ရောင်းချပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ပြီးခဲ့သည့်လပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၁ ရက်မှစ၍ ပြည်ပဆန်တင်ပို့သူများထံမှ ပို့ကုန်လိုင်စင်အပေါ် အရန်ဆန်ပေးသွင်းမှုကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် နိုင်ငံတော်အရေး ပေါ်ဆန်များ ဝယ်ယူရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေးကိစ္စများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦအောင်ထူးက ဆိုသည်။ ထို့နောက် ဆန်တန်ချိန် ငါးသောင်းဝယ်ယူမှုအနေဖြင့် အားလုံးနီးပါး ပြည့်မီသွားပြီဖြစ်သည့်အတွက် အရန်ရိက္ခာ ဆန်ပေးသွင်းခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဝယ်ယူခဲ့သော ဆန်တန်ချိန် ငါးသောင်းကို သင့်တင့်စျေးနှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြန်လည်ရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်ချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဒုတိဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Most Read

Most Recent