မန္တလေး လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရစဉ် ပြင်းထန်ဒဏ်ရာများဖြင့် လူငယ်နှစ်ဦး သေဆုံးခဲ့မှုအပေါ် ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ်ပြောင်းလဲကာ ဝန်ထမ်းငါးဦးကို ဖမ်းဆီးစစ်ဆေးနေ

မန္တလေး လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရစဉ် ပြင်းထန်ဒဏ်ရာများဖြင့် လူငယ်နှစ်ဦး သေဆုံးခဲ့မှုအပေါ် ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ်ပြောင်းလဲကာ ဝန်ထမ်းငါးဦးကို ဖမ်းဆီးစစ်ဆေးနေ
Published 29 August 2020
ဌေးလှအောင်

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရစဉ် ပြင်းထန်ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ရသည့် လူငယ်သင်တန်းသား နှစ်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေမှုသေခင်းဖြင့်အမှုဖွင့်ထားရာမှ လူသတ်မှု ဖြင့် ပြောင်းလဲ အမှုဖွင့်ထားပြီး ဝန်ထမ်းငါးဦး အားဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခံရသည့် ဖြစ်စဉ်ကြောင့် သင်တန်းသားလူငယ်နှစ်ဦးမှာ ပြင်းထန် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူငယ်နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကနဦးအနေဖြင့် သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားခဲ့ရာမှ လူသတ်မှုအဖြစ် သြဂုတ် ၂၈ ရက်က ပြောင်းလဲအမှုဖွင့်ခဲ့ကာ လက်ရှိတွင် အဆိုပါ သင်တန်းကျောင်းမှ သံ သယရှိသူဝန်ထမ်းငါးဦးအား ခေါ်ယူ၍ ဖမ်း ဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“လက်ရှိကတော့ အရေးယူတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ ဖမ်းဆီးစစ်ဆေး နေတဲ့ အဆင့်ပဲရှိပါသေးတယ်။ နာမည်တွေကိုတော့ မပြောချင်သေးပါဘူးဗျ။ ဝန်ထမ်း ငါးဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်” ဟု အောင်မြေသာစံမြို့နယ် အမှတ်(၂)ရဲစခန်းမှ ရဲအရာရှိတစ်ဦးက  The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ကျွန်မတို့ကတော့ အခုချိန်အထိ ကလေးတွေ သေဆုံးခဲ့ရတဲ့ အကြောင်းအရင်း ဆေးစာအဖြေကို မကြည့်ရသေးပါဘူး။ကျွန်မ တို့ရဲ့ကလေးတွေက ၀ိုင်းဝန်းထိုးကြိတ်ပြီး တော့ ရိုက်နှက်ခံခဲ့ရလို့ သေတာပါ။ ကျွန်မတို့ ကလေးကို ကျောင်းအတွင်းမှာ ၀ိုင်းဝန်း ထိုး ကြိတ်နေတာကို CCTV မှတ်တမ်းမှာတော့ ကြည့်ခဲ့ရပါတယ်။ အခု လူသတ်မှုနဲ့ဖွင့်ထားတယ်ဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ တွေ အားလုံးကို ဥပဒေနဲ့အညီ အရေးယူပေး စေချင်တယ်။ တာဝန်ရှိတဲ့သူတွေကို ရာထူး နေရာပြောင်းရွှေ့တာလောက်နဲ့ ကျွန်မတို့က မကျေနပ်နိုင်ဘူး။ အမှုကိုလည်း အမှန်တရားအတိုင်းဖြစ်စေချင်တယ်။ ကျွန်မတို့က အခုလို သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကို ရာထူး အရွှေ့အပြောင်းလုပ်တာနဲ့ပဲ မကျေနပ်နိုင် ဘူး။ ဥပဒေအတိုင်း အရေးယူပေးစေချင် တယ်။ ကျွန်မတို့က ကလေးတွေသေဆုံးတာနဲ့ ပတ်သက်ပြီး အရင်တုန်းက အမှန်အတိုင်း မသိခဲ့ရဘူး။ အလိမ်ခံထားရတာ။ ဒါကြောင့် အမှုမှန်ဖော်ထုတ်ပြီး အမှန်တရားအတိုင်း ဥပဒေနဲ့အညီ ဖြစ်စေချင်ပါတယ်” ဟု သေဆုံး သူလူငယ်သင်တန်းသားနှစ်ဦး၏ မိခင်ဖြစ်သူ များက The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရစဉ် ဝိုင်းဝန်းထိုးကြိတ်ရိုက် နှက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံး သွားခဲ့ရသည့် လူငယ်သင်တန်းသားနှစ်ဦး ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဌာနတွင်းစုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း လာရောက်စစ်ဆေးမှုများ လုပ်ဆောင် ခဲ့သည်။ ယင်းနောက် မန္တလေးလူငယ်သင် တန်းကျောင်းမှ ကျောင်းအုပ်ကြီးအား ရှမ်း ပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်သို့ နေရာ ပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည်။

 

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ်သင်တန်း သားတစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခံရမှုဖြစ်စဉ်ကြောင့် ဇူလိုင် ၃၁ ရက်က မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေ ဆုံးသွားခဲ့ပြီးနောက် ၎င်းနှင့်အမှုတွဲတူ ထိန်း သိမ်းခံထားရသည့် ကျန်သင်တန်းသား တစ်ဦးမှာ ပြင်းထန်ဒဏ်ရာများဖြင့် မန္တလေးပြည် သူ့ဆေးရုံကြီး၌ အရေးပေါ်ဆေးကုသမှု ခံယူ နေရစဉ် သြဂုတ် ၅ ရက်က ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ သေဆုံးသွားခဲ့သည့် လူငယ် နှစ်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ကနဦးတွင် သေမှုသေခင်းဖွင့်၍ ဆောင်ရွက်ခဲ့ရာမှ မှုခင်းဆရာဝန်ကြီး၏ ဆေးစာအဖြေထွက်ရှိ လာခဲ့ပြီးနောက်တွင် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊လက်ရှိတွင် သင်တန်းသားနှစ်ဦးသေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဝန်ထမ်းငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးလူငယ်သင်တန်းကျောင်းမှ သေဆုံးခဲ့သည့်လူငယ်သင်တန်းသားနှစ်ဦးအနက် သြဂုတ် ၅ ရက်က သေဆုံးခဲ့သည့် လူ ငယ်မောင်ခိုင်ဇော်ထွန်းမှာ မှုခင်းဆရာဝန် ကြီးပါမောက္ခဒေါက်တာ အောင်မျိုးထွန်းနှင့်  အဖွဲ့တို့မှ ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးခဲ့ရသည့် အကြောင်းရင်းမှာ ဦးခေါင်းပိုင်း၊ ရင်ဘတ် ပိုင်း၊ ဝမ်းဗိုက်ပိုင်းနှင့်ခြေထောက်ပိုင်းတို့ တွင် ရရှိထားသောဒဏ်ရာများကြောင့် သေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း သြဂုတ် ၂၄ ရက်က မန္တ လေးအထွေထွေရောဂါကုဆေးရုံကြီး မှုခင်း ဆရာဝန်ကြီးရုံးမှ ဆေးစာပြန်ကြားချက် ရရှိခဲ့ ကြောင်း၊ လူငယ်ကျောင်းသား မောင်ခိုင်ဇော် ထွန်းအား ဦးခေါင်းပိုင်း၊ ရင်ဘတ်ပိုင်း၊ ဝမ်း ဗိုက်ပိုင်းနှင့် ခြေထောက်ပိုင်းတို့အား ဒဏ်ရာ များရရှိ၍ သေစေအောင်ပြုလုပ်သူများကို ချမ်းအေးသာစံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်မင်းက တိုင်တန်းခဲ့ပြီးနောက် တရားခံ ဖြစ်သူများ(စုံစမ်းဆဲ)အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။

အဆိုပါလူငယ်မောင်ခိုင်ဇော်ထွန်း သေ ဆုံးမှုနှင့်ပတ်သက်၍ ချမ်းအေးသာစံ မြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂၁/ ၂၀၂၀)မှ (ပ)၃၅၁/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မန္တလေးလူငယ်သင်တန်းကျောင်းတွင် လုယက်မှုဖြင့် ထိန်းသိမ်းခံထားရသည့် လူ ငယ် အချို့မှာ ဇူလိုင် ၃၁ ရက်က ထွက်ပြေးခဲ့ သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ယင်းသို့ ထွက် ပြေးသူများအား သင်တန်းကျောင်းအတွင်း ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ခြင်းကြောင့် ထိန်းသိမ်းခံထားရသည့် သင်တန်းသား လူ ငယ်တစ်ဦး သေဆုံးခဲ့ပြီး ကျန်သင်တန်းသား လူငယ်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ များရရှိခဲ့ သဖြင့် အရေးပေါ်ဆေးကုသမှုခံနေစဉ် ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ ထံမှ သိရသည်။ ထိုသို့ လူငယ်သင်တန်းသား နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ အမှန်တရား အမြန်ဆုံးဖော်ထုတ်ပေးရန်နှင့် အမှုမှန်အမြန် ဆုံးဖော်ထုတ်ပေးရန်အတွက် မိသားစုဝင်များ က တောင်းဆိုထားသည်။

အဆိုပါ လူငယ်သင်တန်းကျောင်း အ တွင်း ဝိုင်းဝန်းထိုးကြိတ် ခံရမှုဖြစ်စဉ်ကြောင့် သေဆုံးသွားခဲ့ရသည့် လူငယ်မောင်ပြည့်ဖြိုး အောင်(ခ)ဒွေးပေါက်စ(အသက် ၁၇ နှစ်)နှင့် ပြင်းထန်ဒဏ်ရာများဖြင့် ဆေးဝါးကုသမှု ခံယူ နေစဉ် ထပ်မံသေဆုံးသွားခဲ့သည့် လူငယ် မောင်ခိုင်ဇော်ထွန်း(၁၈ နှစ်)တို့မှာ မုံရွာမြို့ တွင်ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်နှင့်ပတ် သက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး မုံရွာမြို့ရှိ အချုပ်ထောင်၌ ရှစ်လခန့်နေထိုင်ခဲ့ရပြီးနောက် အပြီးသတ် အမိန့်ချမှတ်ခဲ့ရာတွင် ထောင်ဒဏ် နှစ်နှစ်ချ မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

 

Most Read

Most Recent